တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူပြီ

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကို တွေ့ရစဉ် Photo: RFA
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီတာဝန်ရှိသူ ၃ဦးကို ထောင်ဒဏ် ၁၅နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ထားဝယ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကို ကော့သောင်းမြို့နယ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။

ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ နေပြည်တော်၊ ရန်ကုန်နဲ့ ထားဝယ်မြို့တွေမှာ တစ်လခန့်ကြာ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်ကစလို့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် စုံစမ်းလေ့လာခဲ့တာဖြစ်တယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

ဒေါက်တာလဲ့လဲ့မော်ဟာ ထားဝယ်လေယာဉ်ကွင်းနဲ့ ထားဝယ်တက္ကသိုလ်ဝင်း ချုံနွယ်ရှင်းလင်းတဲ့လုပ်ငန်းတွေ၊ သင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ရယူခဲ့တယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့မညီဘဲ ငွေကျပ် ၂ ဘီလီယံနီးပါးကို လမ်းဦးစီးဌာနကို ထုတ်ယူခွင့်ပေးခဲ့ကြောင်း၊ အဲဒီလိုအခွင့်အရေးပေးခဲ့တဲ့အတွက် ဒေါက်တာလဲ့လဲ့မော်ဟာ ခင်ပွန်းဖြစ်သူနာမည်နဲ့ ၀ယ်ယူထားတဲ့ ထားဝယ်မြို့က အိမ်နဲ့ မြေကွက်နှစ်ကွက်ကို ငွေပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုးကာရံခိုင်းခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဝေဖန်မှုတွေ အများဆုံးဖြစ်နေတဲ့ GGS ကုမ္ပဏီနဲ့ပတ်သက်လို့ကတော့ ဒေါက်တာလဲ့လဲ့မော်ဟာ ငွေကျပ်တန်ဖိုး ၃၂၀ ကျော် တန်ဖိုးရှိတဲ့ သူမ မိသားစုပိုင် နေအိမ်ကို သိန်း နှစ်ထောင်ကျော်နဲ့ GGS ကုမ္ပဏီကို ရောင်းချခဲ့တဲ့အကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုကာလတန်ဖိုးထက် ၆ ဆ ဈေးပိုပေးပြီး ၀ယ်ယူခဲ့တဲ့ GGS ကုမ္ပဏီကို အကျိုးအမြတ်ရရှိနိုင်မယ့် လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဆောင်ရွက်ချက်တွေကြောင့် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပုဒ်မဟာ နိုင်ငံရေးရာထူးလက်ရှိ ရှိတဲ့ဘယ်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

GGS ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နဲ့ ဦးသူရအုံတို့ကိုတော့ ပုဒ်မ ၅၅/၆၃ နဲ့ အမှုဖွင့်လိုက်တာလည်းဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဟာ အဂတိလိုက်စားမှုတွေ ကျူးလွန်ကြောင်း ထားဝယ်နဲ့ မြိတ်ဒေသခံတွေအပြင် တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကလည်း NLD ပါတီ ဗဟိုနဲ့ ကော်မရှင်ထံ တိုင်ကြားတာတွေ ရှိခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူပြီ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူပြီ Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.