ခွင့်ပြုချက်မရှိဘဲ ရွှေမြစန္ဒီအိမ်ယာစီမံကိန်း လုပ်ဆောင်သူတွေကို အရေးယူမည်

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကို ၂၀၁၉၊ မတ်လ ၂ ရက်နေ့က ကျင်းပတဲ့ အရပ်ဖက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေ တွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Kayin Information Committee NLD
ကရင်ပြည်နယ် မြဝတီမြို့မှာ အစိုးရခွင့်ပြုချက်မပါဘဲ ရွှေမြစန္ဒီအိမ်ယာ စီမံကိန်းကို ဦးဆောင်တည်ဆောက်နေတဲ့ DKBA အဖွဲ့က ဗိုလ်မှူး စောညီညီ အပါအဝင် ပါဝင်ပတ်သက်သူတွေကို စစ်ဆေးနေပြီး အရေးယူသွားမယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က မြဝတီမြို့ City Home ခန်းမမှာ အရပ်ဖက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောကြားခဲ့တာလို့ မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင် က RFA ကို ဒီနေ့ ပြောပါတယ်။

သတင်းဂျာနယ်တချို့မှာတော့ DKBA က ဗိုလ်မှူး စောညီညီ ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဖော်ပြမှုတွေ ရှိပေမယ့် မြ၀တီခရိုင် ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ နဲ့ DKBA တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ပေမယ့် ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီစီမံကိန်းဟာ မြဝတီသစ်တောကြိုးဝိုင်း၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ အတွင်းမဲကနယ်ကျေးရွာက  ဒေသခံတွေရဲ့ လယ်မြေတွေပေါ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး စတင်ဆောက်လုပ်စဉ်ကတည်းက ပြည်နယ်အစိုးရအဖွဲ့က တားမြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီမြေနေရာတွေကို အကွက်ရိုက်ရောင်းချရာမှာ ဌာနဆိုင်ရာတွေလည်း ပါဝင်ခဲ့ပြီး ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်သူအားလုံးကို ခွင့်လွှတ်မှာမဟုတ်ဘဲ အရေးယူသွားမယ့်အကြောင်း ဒေါ်နန်းခင်ထွေးမြင့် က ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအိမ်ယာစီမံကိန်းအတွင်းမှာ မြေကွက်ပေါင်း ၃ထောင်ကျော်ရှိပြီး လက်ရှိမှာ အိမ်ခြေ ၇၀၀ ကျော်ကို မြို့နယ်အာဏာပိုင်တွေက ဖြိုဖျက်ခဲ့ပြီး ကျန်ရှိနေတဲ့ အိမ်ခြေ ၂ထောင်ကျော်ကို ဆက်ဖြိုဖျက်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
ခွင့်ပြုချက်မရှိဘဲ ရွှေမြစန္ဒီအိမ်ယာစီမံကိန်း လုပ်ဆောင်သူတွေကို အရေးယူမည် ခွင့်ပြုချက်မရှိဘဲ ရွှေမြစန္ဒီအိမ်ယာစီမံကိန်း လုပ်ဆောင်သူတွေကို အရေးယူမည် Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.