မိုးညှင်းနည်းပညာကောလိပ်မှ ကျူတာဆရာမအား သတ်ဖြတ်သူဟုယူဆရသည့် လူစိမ်းအမျိုးသားကို ရဲတပ်ဖွဲ့က စုံစမ်းနေ

မြစ်ကြီးနား၊ မတ် ၁၈

မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာတွင် မိုးညှင်း နည်းပညာကောလိပ်မှ ဆရာမတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

အဆိုပါ ဆရာမမှာ အသက်၂၅ နှစ်အရွယ် ဒေါ်မာမာဝင်းဆိုသူဖြစ်ကာ မြစ်ကြီးနားတွင် B.E (အင်ဂျင်နီယာဘွဲ့) သင်တန်းတက်ရောက်ပြီး မတ်လ ၁၅ ရက်နေ့က ရထားဖြင့် ပြန်လာခဲ့စဉ် ရထားပေါ်တွင် သိကျွမ်းခဲ့သူ အမျိုးသားတစ်ဦး အိမ်သို့လာရောက်လည်ပတ်ရာခဲ့ပြီးနောက် မတ်လ ၁၇ ရက်နေ့ ညနေ၃နာရီခွဲ အချိန်ခန့်တွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူသတ်တရားခံဟု သံသယရှိသည့် အမျိုးသား၏ ပုံကို မြင်တွေ့လိုက်သူ ဒေါ်မာ မာဝင်းမိခင်၏ ပြောကြားချက်ဖြင့် ပုံတူခဲပန်းချီရေး၍ စုံစမ်းနေသည်ဟု မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ၀င်း မြင့်အောင်ထံမှ သိရသည်။

“အခုလက်ရှိစစ်ဆေးချက်အရ သေဆုံးသူ ဆရာမက မြစ်ကြီးနားကနေ မန္တလာရထားနဲ့ ပင်းဘောကို ပြန်လာတော့ ရထားပေါ်မှာရင်းနှီးခဲ့သူက အိမ်ကိုရောက်ရှိလာပြီး နောက်ပိုင်းမှာ အခုလိုအခင်းဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ သဲလွန်စအနေနဲ့ဘူတာတွေက CCTV တွေ၊ ပတ်ဝန်းကျင်မျက်မြင်သက်သေတွေကို ရှာဖွေစစ် ဆေးနေပါတယ်။ တရားခံလို့ ယူဆရတဲ့သူရဲ့ ပုံစံကို အနီးစပ်ဆုံး ခဲပန်းချီနဲ့ပုံဖော်ပြီးပေါ်ပေါက်လာအောင် အမြန် ဆုံး စုံစမ်းရှာဖွေနေပါတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။


ဒေါ်မာမာဝင်းအား ပင်းဘောဘူတာတွင် လာကြိုခဲ့သည့် မိခင်ဖြစ်သူ ဒေါ်ကြည်အေးက မတ်လ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ကျေးရွာဘုရားပွဲအတွက် အလှူခံထွက်ပြီး နေအိမ်သို့ ခေတ္တပြန်လာစဉ် သမီး ဖြစ်သူနှင့်အတူ ရထားပေါ်တွင် ခင်မင်ခဲ့သည်ဆိုသော လူငယ်တို့ကို နေအိမ်မီးဖိုချောင်အတွင်း ဖုန်းပွတ်နေသ ည်ကို တွေ့ရှိခဲ့သည်ဟုဆိုသည်။

“ကျွန်မအလှူခံနေရာကိုပြန်ထွက်သွားပြီး ညနေ၄နာရီလောက်မှာ သမီးဆီကိုဖုန်းဆက်တော့ ဖုန်းမကိုင် လို့ အိမ်ကိုပြန်သွားခဲ့တာ သမီးက ဓားဒဏ်ရာတွေနဲ့ မီးဖိုဆောင်ထဲမှာ သတိလစ်နေတာတွေ့ရပါတယ်။”ဟု ၎င်းကဆက်လက်ပြောသည်။


သေဆုံးသူ၏ ၀ဲဘက်ပါးတွင် လက်မ ၂၀ ခန့်ပြတ်ရှဒဏ်ရာ တစ်ချက်၊ လည်ပင်းတွင် ပြတ်ရှဒဏ် ရာ တစ်ချက်၊ ၀ဲဘက်ပုခုံးတွင် ပေါက်ပြဲဒဏ်ရာ တစ်ခု၊ ၀ဲဘက်လက်မောင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ၀မ်းဗိုက် ချက်တိုင်ဘေးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက် ပေါင်ဘေးတွင်ထိုးထွင်းဒဏ်ရာ တစ်ချက်တို့ရရှိပြီး သတိမေ့လဲကျနေသည်ကို တွေ့သဖြင့် ပင်းဘောတိုက်နယ် ဆေးရုံသို့ ပို့ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ မိခင်ဖြစ်သူ ဒေါ်ကြည်အေးမှတရားလိုပြုလုပ်ကာ ပင်းဘောနယ်မြေ ရဲစခန်း(ပ)အမှတ် ၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

ထွန်းထွန်း(မိုးညှင်း)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
မိုးညှင်းနည်းပညာကောလိပ်မှ ကျူတာဆရာမအား သတ်ဖြတ်သူဟုယူဆရသည့် လူစိမ်းအမျိုးသားကို ရဲတပ်ဖွဲ့က စုံစမ်းနေ မိုးညှင်းနည်းပညာကောလိပ်မှ ကျူတာဆရာမအား သတ်ဖြတ်သူဟုယူဆရသည့် လူစိမ်းအမျိုးသားကို ရဲတပ်ဖွဲ့က စုံစမ်းနေ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.