ထရမ့်-ကင် နောက်တစ်ကြိမ်တွေ့ကြဖို့ ဗီယက်နမ်ကို ဘာလို့ရွေး

စင်္ကာပူမှာတုန်းကတော့ တွေ့ဖြစ်လာတာကပဲ သမိုင်းဝင်ဖြစ်ခဲ့။
မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဒုတိယအကြိမ် အမြောက် နျူးကလီယား ထိပ်သီး ဆွေးနွေးပွဲ အဖြစ် အခုလ ဖေဖေါ်ဝါရီ အကုန် ၂၇နဲ့ ၂၈ ရက်နေ့တွေမှာ ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံကြမယ့် အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောခဲ့ပြီ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၅ ရက်၊ အင်္ဂါညတုန်းက ကွန်ဂရက်လွှတ်တော်ထဲ ပြောခဲ့တဲ့ သူ့ရဲ့ ၈၂ မိနစ်တာ ကြာတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲ ထရမ့်က ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲ အကြောင်း ထည့်သွင်း ပြောဆိုခဲ့တာပါ။

လုပ်ဆောင်စရာတွေ အများကြီး ရှိသေးတယ် ဆိုပြီး မြောက်ကိုရီးယား နျူကလီးယား အရေးကို ရည်ညွှန်းပြီး ထရမ့်က ပြောရင်းမှာပဲ ကင်ဂျုံအွန်းနဲ့ သူ့ကြား ဆက်ဆံရေးဟာ ကောင်းမွန် နေတယ်လို့တော့ ဆိုပါတယ်။

၂ဝ၁၈ ခုနှစ် ဇွန်လတုန်းက ခေါင်းဆောင်နှစ်ဦးဟာ စင်္ကာပူ နိုင်ငံမှာ ပထမဆုံး အကြိမ် သမိုင်းဝင် တွေ့ဆုံခဲ့ကြပါတယ်။

ဒီနောက်ပိုင်း တောက်လျှောက်ဆိုသလို အခုလို ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်လာရေး အတွက် နှစ်ဘက် ဆောင်ရွက် နေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကာလက စပြီး မြောက်ကိုရီးယား အစိုးရဘက်က နျူကလီးယား စမ်းသပ် ဖောက်ကွဲတာ၊ ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာတွေ မလုပ်ပဲ ရပ်နား ထားပေမယ့် သူတို့ရဲ့ နျူကလီယာ လက်နက် အစီအစဉ် တစ်ခုလုံးကို ဖျက်သိမ်းမယ် ဆိုတဲ့ ကတိမျိုးတော့ ပေးမထားပါဘူး။

ခေါင်းဆောင်နှစ်ဦးရဲ့ ဒုတိယ အကြိမ် ထိပ်သီးဆွေးနွေးပွဲ အတွက် ကြိုတင် ပြင်ဆင်တဲ့ စကားပြောပွဲတွေ ပြုလုပ်ဖို့ အခုဆိုရင် မြောက်ကိုရီးယား ဆိုင်ရာ အမေရိကန် အထူး သံတမန် စတီဖင်ဘီဂန် ပြုံယမ်း မြို့တော်မှာ ရောက်နေပါတယ်။

ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကနေ ဘာရလဒ်တွေ ထွက်လာနိုင်လဲ

လော်ရာဘစ်ကာ၊ ဘီဘီစီသတင်းထောက် ဆိုးလ်မြို့တော်

ဗီယက်နမ်မှာ ကင်ဂျုံအွန်း ဆီက ကတိကဝတ်တွေ ပိုမိုရရှိလာဖို့ သမ္မတထရမ့် ရည်မှန်း ထားတယ်လို့ ဆိုးလ်မြို့တော်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာက ပြောပါတယ်။

ထရမ့်အစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေး ယူမှုတွေကို လက်ရှိ အခြေအနေအတိုင်းတော့ ရုပ်သိမ်းပေးဖို့ရာ ဆန္ဒရှိ မနေပါဘူး။

မြောက်ကိုရီးယားဘက်က နျူကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ပိုပြီး ခိုင်ခိုင်မာမာ လုပ်ပြလာမှပဲ ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုတဲ့ ရပ်တည်မှုမျိုး ထရမ့်အစိုးရမှာ ရှိနေပါတယ်။

မြောက်ကိုရီးယား စီးပွားရေး ကောင်းလာအောင် ကူညီမယ်လို့လည်း အမေရိကန်က ပြောထားပြန်တော့ ပိတ်ဆို့မှု မရုပ်ပဲ ဘယ်လို ကူညီမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
 ဗီယက်နမ်မှာ ထပ်ဆုံမယ်
နျူကလီးယား လက်နက် ထုတ်လုပ်နေတဲ့ စခန်းနေရာ ဘယ်နှစ်ခု ရှိတယ် ဆိုတာ ပြင်ပ ကမ္ဘာကို ထုတ်မပြောသေးသလို နိုင်ငံတကာ စစ်ဆေးရေးသမားတွေကိုလည်း ဝင်ခွင့် မပြုသေးတဲ့ မြောက်ကိုရီးယားလို ပဟေဠိအပြည့် နိုင်ငံမျိုးကို စီးပွားရေး အထောက်အပံ့ ပေးမယ် ဆိုရင်လည်း ထရမ့် အစိုးရ အနေနဲ့ ပြည်တွင်းပြည်ပ ဝေဖန်မှုတွေ ခံရနိုင်ပါတယ်။

ဒီတော့ မစ္စတာထရမ့် အနေနဲ့ အခုတစ်ခေါက် ဗီယက်နမ် တွေ့ဆုံပွဲမှာတော့ မစ္စတာကင့် ဆီကနေ နျူကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး တိတိကျကျ တစုံတရာ စာနဲ့ပေနဲ့ ရေးသား လက်မှတ်ထိုးထားတဲ့ ကတိကဝတ်ပြုလွှာတစ်စောင် ရယူနိုင်ဖို့ အရေးကြီးပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ ပထမတစ်ခေါက် စင်္ကာပူ တွေ့ဆုံပွဲလိုပဲ အမေရိကန်နဲ့ မြောက်ကိုရီးယား လက်ရှိ ခေါင်းဆောင် နှစ်ယောက် တွေ့ကြတယ် ဆိုတဲ့ အပြသဘော အဖြစ်ပဲ ဆက်ရှိ နေလိမ့်မယ်လို့ လော်ရာဘစ်ကာက ဆိုပါတယ်။

မစ္စတာကင် အနေနဲ့ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ထုတ်လုပ်ရေး စခန်းတွေထဲက ယန်ဗျန်းဆိုတဲ့ စခန်းကို ချကျွေးဖို့ ပြင်ဆင်ထားကောင်း ထားနိုင်တယ်လို့ ပြုံယမ်းအစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ချကျွေးနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ကင်က ယန်ဗျန်းစခန်း ဖျက်သိမ်းဖို့ သဘောတူပြီး သူ့ဘက်က လိုချင်တာတွေလည်း တောင်းဆိုလာနိုင်တယ်လို့ ခန့်မှန်း နေကြတာပါ။
စင်္ကာပူမှာတုန်းကထက် ပိုပြီး တိကျတဲ့ သဘောတူမှု စာချုပ်စာတန်းနဲ့ရဖို့ ထရမ့် အလိုရှိ
ကင့်အနေနဲ့ သူ့ အဖေနဲ့ သူ့ အဘိုးတို့ ခေတ်တုန်းက မရှိခဲ့ဖူးတဲ့ "အမေရိကန်-မြောက်ကိုရီးယား ငြိမ်းချမ်းရေး စာချုပ်" ဆိုတာမျိုး သူ့ လက်ထက် ရလာအောင် စွမ်းဆောင်လိုတဲ့ သဘော မျိုး ရှိနေတယ်လို့လည်း သတင်းရင်းမြစ်တချို့က ဘီဘီစီကို ပြောကြပါတယ်။

ထရမ့် အတွက်လည်း မြောက်ကိုရီးယားနဲ့ကြား ငြိမ်းချမ်းရေး အထမြောက်လာအောင် တကယ်တမ်း ရယူပေးနိုင်တယ် ဆိုရင် ဘယ်တော့မှ တရားဝင် မပြေငြိမ်းသေးတဲ့ ၆၈ နှစ်ကြာ ကိုရီးယား စစ်ပွဲ ချုပ်ငြိမ်းအောင် လုပ်ပေးနိုင်တဲ့ အမေရိကန် သမ္မတအဖြစ် သမိုင်းတွင်မှာ ဖြစ်ပါတယ်။

ဗီယက်နမ်ပွဲ အောင်မြင်လိုရင် ဘယ် အချက်တွေကို အဓိက ကျော်လွှားရမလဲ

ဘာဘရာပလက်အာရှာ၊ အမေရိကန် နိုင်ငံခြားရေး ဌာနဆိုင်ရာ ဘီဘီစီ သတင်းထောက်

ထရမ့်-ကင် နျူကလီယာ ထိပ်သီးဆွေးနွေးပွဲမှာ ကြုံရမယ့် ၊ ကျော်လွှားရမယ့် အဓိက စိန်ခေါ်မှု ၄ ချက် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် ဘာဘရာပလက်အာ့ရှာက ဆိုပါတယ်။

စိန်ခေါ်ချက် အမှတ် ၁။ ။ အပြသဘောသက်သက် အဖြစ်က ကျော်လွှားရေး

အမေရိကန်နဲ့ မြောက်ကိုရီးယား လက်ရှိ အာဏာရ ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံကြတယ် ဆိုတဲ့ အချက် သက်သက်ကတင် တကမ္ဘာလုံးကို ကိုင်လှုပ်နိုင်ပြီး ကမ္ဘာ နိုင်ငံရေးရဲ့ အရေးတကြီး ဖြစ်ရပ်ဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။

ဒီအဖြစ်က ပထမအကြိမ် စင်္ကာပူ ထိပ်သီးဆွေးနွေးပွဲမှာပဲ ချန်ထားခဲ့သင့်ပါတယ်။ စင်္ကာပူ ထိပ်သီး ဆွေးနွေးပွဲတုန်းက ကိုရီးယားကျွန်းဆွယ်ပေါ် နျူကလီးယား ကင်းစင်ရေး ဦးတည်လုပ်ကြမယ် ဆိုတဲ့ ယေဘုယျ အပြောမျိုးကလွဲပြီး ဘယ်အချိန်မှာ ဘယ်အရာတွေ ဆောင်ရွက်ကြမယ် ဆိုတဲ့ အတိတကျ အချက်အလက်မျိုးတွေ အပေါ် သဘောတူချက်တွေ မရယူ ထားပါဘူး။

စင်္ကာပူ ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း အမေရိကန်-မြောက်ကိုရီးယားကြား အဓိက ကွဲပြားနေတာကတော့ ပိတ်ဆို့မှုတွေ အရင်ရုပ်ပေးဖို့ ပြုံယမ်းဘက်က လိုလားပြီး ဝါရှင်တန် အစိုးရကလည်း မြောက်ကိုရီးယား အနေနဲ့ နျူလက်နက် ဖျက်သိမ်းရေး လက်တွေ့ ဖော်ဆောင်ရမယ်လို့ ရပ်တည်ပါတယ်။

ဒီတော့ ခေါင်းဆောင်နှစ်ဦး အနေနဲ့ အခု ဗီယက်နမ် တွေ့ဆုံပွဲမှာတော့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ သဘောတူမှုတွေ ရယူဖို့ လိုအပ်နေပါတယ်။

စိန်ခေါ်ချက် အမှတ် ၂။ အယူအဆ၊ လိုလားချက် နှစ်ဘက် တသားတည်း ဖြစ်နေဖို့အရေး

စင်္ကာပူ ထိပ်သီး အစည်းအဝေးတုန်းက သဘောတူခဲ့တာဟာ ကိုရီးယား ကျွန်းဆွယ်ပေါ် နျူကလီးယား လုံးဝ ကင်းစင်ရေး ဆိုပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါဟာ ဘာအဓိပ္ပာယ်လဲ ဆိုတဲ့ တိကျတဲ့ ဖွင့်ဆိုချက်မျိုး မရှိပါဘူး။ ဒီတော့ တကယ် အထမြောက် အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ဝေဖန်သူ အများရှိပါတယ်။

နျူကလီးယား လုံးဝ ကင်းစင်ရေး ဆိုတဲ့ အပေါ် အမေရိကန်ရဲ့ လိုလားချက်ကတော့ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်တွေကို လုံးဝ စွန့်လွှတ်ပြီး အဲဒီလို စွန့်လွှတ်တဲ့ လုပ်ငန်းစဉ်ကိုလည်း နိုင်ငံတကာကို ဝင်ရောက် ဆန်းစစ်ခွင့် ပြုဖို့ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က အဓိပ္ပာယ်ဖွင့်တာကတော့ အမေရိကန် အနေနဲ့လည်း ပြုံယမ်းအစိုးရအပေါ် ခြိမ်းခြောက်နိုင်တဲ့ နျူကလီးယား လက်နက်တပ် စစ်ရေးအင်အားတွေကို ဒေသတွင်းကနေ အပြန်အလှန် ရုပ်သိမ်းပေးရေး ဖြစ်ပါတယ်။
ဟနွိုင်းမြို့တော်က မြောက်ကိုရီးယား သံရုံ
အရှေ့အလယ်အပိုင်း အရေး ဥပမာ ဆီးရီးယား၊ အီရတ်တို့ကနေ အမေရိကန်တပ်တွေ ပြန်ရုပ်နေတဲ့ ထရမ့် အနေနဲ့ နိုင်ငံရပ်ခြားမှာ အမေရိကန် စစ်တပ် ချထားတာကို လျှော့ချလိုတဲ့ သဘောထား ရှိသူ ဖြစ်ပါတယ်။

ဒီတော့ တောင်ကိုရီးယားမှာ ရှိတဲ့ အမေရိကန်တပ်တွေကိုလည်း ပြန်ရုပ်ဖို့ကို မူအရ လိုလားကြောင်း အမေရိကန် စစ်တပ်က ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေကို ထရမ့် အသိပေးနှင့်ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အခုချက်ချင်းလက်ငင်း ဆိုသလိုတော့ ရုပ်မှာမဟုတ်ဘူးလို့ ထရမ့်က ပြောထားပါတယ်။

ဒီတော့ နျူကလီးယား ကင်းစင်ရေး ဆိုတဲ့ ဝေါဟာရ၊ အယူအဆ၊ ရည်မှန်းချက် အပေါ် တိကျတဲ့ ဖွင့်ဆို ရှင်းလင်းချက် သဘောတူ စာချုပ်တစ်စောင် ထရမ့်နဲ့ကင်၊ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ရရှိဖို့ လိုအပ်ပါတယ်။

နျူကလီးယား ကင်းစင်ရေး ဆိုတဲ့ အခြေအနေရောက်ဖို့ ဘယ်လို သွားကြမလဲဆိုတဲ့ လမ်းပြမြေပုံ တစ်စောင် ထွက်လာဖို့ အရေးကြီးတယ်ဆိုပြီး နျူကလီးယား လက်နက်ဆိုင်ရာ ကျွမ်းကျင်သူ တွေက ပြောနေကြပါတယ်။

စိန်ခေါ်ချက် အမှတ် ၃။ နျူကင်းစင်ရေး လက်တွေ့ လုပ်ဆောင်ရေး

လက်တွေ့ ဘာလုပ်မလဲဆိုတာ ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲမှာ မြင်လာရဖို့ အများက မျှော်လင့်ကြပါတယ်။

မစ္စတာဘီဂန်ရဲ့ အဆိုအရတော့ နျူကလီးယားဗုံး လောင်စာရည် ချက်လုပ်ရာ နေရာတွေ ဖျက်စီးမယ်ဆိုပြီး ပြုံယမ်းဘက်က ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ထရမ့်ဘက်ကလည်း လိုက်လျောညီထွေ တုန့်ပြန်မှုတွေ လုပ်ဖို့လိုတယ် ဆိုပြီး ပြုံယမ်းအစိုးရက တောင်းဆိုထားကြောင်းလည်း မစ္စတာဘီဂန်က ဖွင့်ဟပါတယ်။

ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးတာမျိုး၊ မြောက်ကိုရီးယား လက်ရှိ အစိုးရ တည်မြဲမှုကို အာမခံတဲ့ အနေနဲ့ ကိုရီယားစစ် ပြီးဆုံးကြောင်း ကြေညာပေးတာမျိုး လုပ်ပေးဖို့ ပြုံယမ်းဘက်က လိုလားတာပါ။

တကယ်အလုပ်ဖြစ်လာဖို့ အရေး နျူလက်နက် လုံးဝ ဖျက်သိမ်းရေး တောင်းဆိုချက် အပေါ် အမေရိကန်ဘက်က သိပ် မီးမောင်း မထိုးတော့ပဲ မစ္စတာကင်မ် လိုက်လျောသလောက် တဆင့်ပြီးတဆင့် အပြန်အလှန် လိုက်လျော လုပ်ဆောင်တာတွေ လုပ်ဖို့ ချည်းကပ်နေဟန် တူကြောင်း သုံးသပ်ရပါတယ်။

မြောက်ကိုရီးယား အမျိုးသမီးတွေ လူကုန်ကူး ခံရ

ဥပမာ မြောက်ကိုရီးယား ဘက်က နျူနဲ့ ဒုံးကျည် ထုတ်လုပ်ရေး အပိုင်းကို ရပ်နားပြီ ဆိုတာနဲ့ စီပွားရေး ပိတ်ဆို့ထားမှု တစိတ်တပိုင်း ဖြေလျှော့ပေးမလား ဆိုတာ နှစ်ဘက် ဆွေးနွေး နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

လက်ရှိမှာတော့ ကင်မ် အစိုးရဟာ နျူနဲ့ ဒုံးကျည် စမ်းသပ် ဖောက်ခွဲ ပစ်လွှတ်နေတာကိုပဲ ရပ်ထားတာ ဖြစ်ပြီး ထုတ်လုပ်ရေးကို ရပ်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ရှိမနေပါဘူး။

တကယ်လို့ ထုတ်လုပ်မှု ရပ်နားရေးကို ပထမအဆင့် သဘောတူလာပြီ ဆိုရင် ၊ ထုတ်လုပ်ပြီး လက်နက်တွေ ဖျက်သိမ်းရေးအထိ နောက်တဆင့် တက်လှမ်းလာနိုင်ဖို့ မျှော်လင့်ရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အဲဒီ ဖျက်သိမ်းရေး အဆင့်ထိ ရောက်နိုင်တဲ့ တိကျတဲ့ လမ်းကြောင်း မဖော်ဆောင်ပဲ တဝက်တပျက် သဘောတူမှုလောက်ပဲ ထရမ့်က ကင့်မ်နဲ့အကြား ရယူလိုက်မလား ဆိုပြီးတော့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

စိန်ခေါ်ချက် အမှတ် ၄။ ။ အမှန်အတိုင်း မျက်မှောက်ပြုနိုင်ရေး

မြောက်ကိုရီးယားအကြောင်း ကောင်းကောင်းသိတဲ့ ဘယ် အမေရိကန် လွှတ်တော်အမတ်၊ စစ်ဘက် အရပ်ဘက် အရာရှိမဆို ကင်ဂျုံအွန်း တစ်ယောက် နျူလက်နက်တွေ လုံးဝ စွန့်သွားမယ်လို့ မယုံကြည်ကြပါဘူး။

အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ အရေး သူတို့အတွက် တစ်ခုတည်းသော အာမခံချက်ဟာ နျူလက်နက် ပိုင်ဆိုင် ထားနိုင်ခြင်းသာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ အားလုံးလိုလို ရှုမြင်ထားကြကြောင်း အမေရိကန် ထောက်လှမ်းရေး အကြီးအကဲက ထောက်ပြပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး ဌာန အကြီးအကဲ ဒန်ကုတ်စ် ဆီးနိတ် ကော်မတီ ကြားနာပွဲမှာ ထွက်ဆို သွားခဲ့တာပါ။

အဓိပ္ပာယ်ကတော့ နျူလက်နက် မပိုင်တော့ဘူး ဆိုတာနဲ့ သူတို့လည်း အာဏာကို ဆက်ဆုပ်ကိုင် မထားနိုင်မှန်း ကင်ဂျုံအွန်းနဲ့ အပေါင်းအပါတွေ သိထားကြတာမို့ နျူလက်နက် လုံးဝ စွန့်မှာ မဟုတ်ဘူး ဆိုပြီး မစ္စတာကုတ်စ်က ပြောခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲအကြွင်းအကျန် ကန်စစ်သားအရိုးတွေ အမေရိကန်ထံ ပြန်လည်အပ်နှင်

မစ္စတာကင် ရည်မှန်းကြိုးစား နေတာဟာ မြောက်ကိုရီးယားကို နျူကလီယာ နိုင်ငံတစ်ခု အဖြစ် နိုင်ငံတကာက လက်သင့်ခံ လာတဲ့ အခြေအနေမျိုး ရောက်လာအောင် ဖြစ်တယ်ဆိုပြီး ရှုမြင်ကြတဲ့ အကဲခတ်တွေ အများအပြား ရှိပါတယ်။

မစ္စတာကင်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာဆို မြောက်ကိုရီးယား အနေနဲ့ နျူကင်းစင်ရေး ရည်မှန်းချက် ဘယ်လောက် ပြင်းပြသလဲဆိုတာ ပြတဲ့ အနေနဲ့ နျူလက်နက် ထုတ်လုပ်တာ၊ ပွားများတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် နျူလက်နက် ဖျက်သိမ်းရေး အတွက် ဖိအား မပေးပဲ၊ ပိုင်ဆိုင်နှင့်ပြီး လက်နက်တွေကို ထိန်းချုပ်ရေး အတွက် ဦးတည် ဆွေးနွေးမယ်ဆို ပိုပြီး လက်တွေ့ကျ အလုပ်ဖြစ်နိုင်မယ်လို့ ပင်တာဂွန် စစ်ဌာချုပ်က အရာရှိ တချို့က ယူဆကြပါတယ်။

အကဲခတ်တွေ အများစု တညီတညွတ်တည်း ကောက်ချက် ချကြတာကတော့ ကင်မ် ခေါင်းဆောင်တဲ့ အစိုးရ အနေနဲ့ သူတို့ အာဏာ တည်မြဲနေမယ်ဆိုတဲ့ လုံခြုံစိတ်ချစိတ် ရှိနေမှပဲ မြောက်ကိုရီးယား နျူလက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ် တိုးတက်နိုင်မယ်လို့ ဆိုပါတယ်။

ဒီတော့ သူ့အနေနဲ့ နျူလက်နက် ပိုင်ဆိုင်မှု မရှိလဲ မြောက်ကိုရီးယား ခေါင်းဆောင်ဆိုတာ ရာထူး အာဏာကိုတော့ ဆက်လက် ပိုင်စိုးနိုင်တယ် ဆိုတဲ့ အချက်ကိုပဲ ကင့်ကို ယုံကြည် လက်ခံအောင် လုပ်နိုင်ဖို့က အဓိက ဖြစ်ပါတယ်။

စင်္ကာပူပြီးတော့ ဗီယက်နမ် ဘာလို့ ဗီယက်နမ်ကို ရွေးတာလဲ

ထရမ့်-ကင်မ် ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်မှာ လုပ်မယ်ဆိုပြီး ဒီတစ်ကြိမ် ရွေးလာတာဟာ အင်မတန် အဓိပ္ပာယ်ပြည့်ဝပြီး နှစ်ဘက်လုံး အတွက် အကျိုးများနိုင်တဲ့ ရွေးချယ်မှု အဖြစ် သုံးသပ်နိုင်ပါတယ်။

ဗီယက်နမ်ဟာ မြောက်ကိုရီးယားလို နိုင်ငံရေးအရ ကွန်မြူနစ် နိုင်ငံဖြစ်ပေမယ့် စီးပွားရေးအရ တံခါးဖွင့်လာခဲ့တဲ့နောက်မှာတော့ တချိန်က စစ်ဖြစ်ထားတဲ့ ခါးသည်းတဲ့ ရန်သူ အမေရိကန်နဲ့လည်း ဆက်ဆံရေးတွေ တိုးတက်ခဲ့ပြီး စီးပွားရေးအရ နှစ်နိုင်ငံကြား ရွှေလမ်းငွေလမ်း ပေါက်နေကြပါတယ်။

အမေရိကန်က ဒီသဘောကို ခေါင်းဆောင် ကင် မြင်အောင် ပြလိုဟန် ရှိပါတယ်။

အစိုးရကို ဖြုတ်ချဖို့ မကြိုးစားဘူး၊ နိုင်ငံတကာနဲ့ အဆင်ပြေအောင် နေရင် စီးပွားရေး အရ ဆက်ဆံမယ် ဆိုတဲ့ အမေရိကန် မူဝါဒကို ဗီယက်နမ်က မြင်သာအောင် အကောင်းဆုံးပြနိုင်တဲ့ မော်ဒယ်ကောင်းပဲ ဖြစ်ပါတယ်။

တခါ၊ မြောက်ကိုရီးယား အတွက်လည်း ဗီယက်နမ်ဟာ သမိုင်းကြောင်းချင်း ဆင်တူပါတယ်။

ထိပ်သီးဆွေးနွေးပွဲ အတွက် အကောင်းဆုံး ပြင်ဆင်ထားမယ်လို့ ပြောတဲ့ အိမ်ရှင် ဝန်ကြီးချုပ်
အမေရိကန် ဆိုဗီယက် စစ်အေးခေတ် အကြီးအကျယ် အားပြိုင်မှုဟာ အာရှနိုင်ငံတွေမှာ စစ်ပွဲတွေ အသွင်ထိ ပေါက်ကွဲထွက်ခဲ့တာမှာ ကိုရီးယားကျွန်းဆွယ်လိုပဲ ဗီယက်နမ်လည်း နှစ်ခြမ်းကွဲ စစ်ဖြစ်ခဲ့ရပါတယ်။

အမေရိကန် ဝင်တိုက်ပေးနေတဲ့ကြားကပဲ တောင်ဗီယက်နမ်ကို ကွန်မြူနစ် မြောက်ဗီယက်နမ်တို့ အောင်နိုင်ခဲ့တဲ့ သမိုင်းကြောင်း ရှိနေပါတယ်။

ဗီယက်နမ် အရေး ကျွမ်းကျင်သူ နိုင်ငံရေး သုတေသီ ပါမောက္ခ ကားလ်သေယာကတော့ ဗီယက်နမ်ကို ရွေးတာဟာ သင်္ကေတဆောင်တဲ့ လုပ်ရပ် ဆိုတာထက် လက်တွေ့ကျတဲ့ ရွေးချယ်မှု အဖြစ် ရှုမြင်ပါတယ်။

အဓိကကတော့ ခေါင်းဆောင်နှစ်ယောက်လုံးအတွက် လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်တဲ့ ဝန်းကျင်မျိုး ဗီယက်နမ်ဘက်က ဖြည့်ဆည်းပေးနိုင်တယ်လို့ ပါဝင်ပတ်သက် နေသူတွေ အားလုံးက ယုံကြည်ကြကြောင်း ပါမောက္ခသေယာက ပြောပါတယ်။

ဒါ့အပြင် ဗီယက်နမ်ဟာ အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ အရေးမှာ ဘယ်ဘက်မှ လိုက်မယ့်သူ မဟုတ်ကြောင်း စိတ်ချရလို့လည်း ဖြစ်တယ်ဆိုပြီး ပါမောက္ခသေယာက မှတ်ချက်ချပါတယ်။

ပင်လယ်ရေပြင် မြင့်တက်လာလို့ ဗီယက်နမ် စိုက်ပျိုးရေး ကျဆင်

တခါ ကင် အနေနဲ့ ဗီယက်နမ်အထိ ခရီးဆန့်လိုတဲ့ စိတ်ဆန္ဒ ရှိနေဟန်တူပြီး မြောက်ကိုရီးယားဟာ အထီးကျန် နိုင်ငံမဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြသလိုနေတယ်လို့ သုံးသပ်ထားကြပါတယ်။

ဗီယက်နမ်ဆီကနေ ကင် အနေနဲ့ လေ့လာနိုင်တာတွေ အများကြီး ရှိပါတယ်။ အဓိကကတော့ အမေရိကန်နဲ့ကြား ဆက်ဆံရေးပါ။ တချိန်က စစ်ဖြစ်ခဲ့တဲ့ အကြီးမားဆုံး ရန်သူ အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ရအောင် ဗီယက်နမ် သံခင်းတမန်ခင်း ဘယ်လို လုပ်ဆောင်ခဲ့လဲ၊ လွတ်လပ်စွာ ကုန်သွယ်နိုင်ခွင့် သဘောတူမှု ဘယ်လို ရယူနိုင်ခဲ့လဲ စသဖြင့် ကင်မ် သိလိုနေတဲ့ အချက်တွေ များစွာ ရှိနေနိုင်ပါတယ်။

အမေရိကန် အနေနဲ့လည်း ဗီယက်နမ်ဟာ ဖျက်အားပြင်း လက်နက်တွေ ထိန်းချုပ်ရေး ကိစ္စမှာ နှစ်ရှည်လများ အင်မတန် တက်တက်ကြွကြွ ပါဝင်တဲ့ မိတ်ဖက် နိုင်ငံ အဖြစ် ရှုမြင်ထားပါတယ်။ကုလသမဂ္ဂက မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အကောင်အထည် ဖော်ရေးမှာလည်း ဗီယက်နမ်က ထောက်ခံထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေအိုကဆိုရင် ဗီယက်နမ်ရဲ့ တံခါးဖွင့် ပြုပြင် ပြောင်းလဲရေးတွေဟာ မြောက်ကိုရီးယား အတွက် နမူနာ ယူစရာတွေ ဖြစ်တယ်လို့ ဖွင့်ဟ ပြောဖူးပါတယ်။
လှတဲ့ကမ်းခြေမြို့ ဒါနန်း
ဒါနန်းဆိုတဲ့ ပြင်သစ်ကိုလိုနီခေတ်ထဲက နာမည်ကျော်တဲ့ ကမ်းခြေမြို့

ဗီယက်နမ်ရဲ့ ဘယ်မြို့မှာ တွေ့ကြမလဲ ဆိုတာကိုတော့ ထရမ့်ရဲ့ မိန့်ခွန်းထဲ ပြောမသွားသလို၊ တရားဝင် ကြေညာချက်လည်း ဘယ်ဘက်ကမှ မပြုလုပ်ကြသေးပါဘူး။

ဒါပေမယ့် ဒါနန်းဆိုတဲ့ ကမ်းခြေမြို့မှာ ဖြစ်လိမ့်မယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေကြပါတယ်။

ဒါနန်းကို သမ္မတထရမ့် ၂ဝ၁၇ တုန်းက ရောက်ဖူးပါတယ်။ အာရှ ပစိဖိတ် ဒေသတွင်း နိုင်ငံတွေ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ အေပက်ရဲ့ ထိပ်သီး ညီလာခံ ဒါနန်းမှာ ကျင်းပတာမို့ ထရမ့် သွားတက်တာပါ။

အဲဒီလို နိုင်ငံတကာ အဆင့်မြင့် အစည်းအဝေး လက်ခံ ကျင်းပလေ့ ရှိတဲ့ နေရာလည်း ဖြစ်၊ မြို့တော်ဟနွိုင်းလောက်လည်း ရှုပ်ထွေးမနေပဲ လှပတဲ့ ကမ်းရိုးတန်းမြို့ ဒါနန်းမှာ ထရမ့်-ကင်မ် ထိပ်သီးဆွေးနွေးပွဲ လုပ်မယ်လို့ ပြောနေကြပါတယ်။

ဒါနန်းဟာ တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းမြို့ ဖြစ်ပြီး ဟန် မြစ်ပေါက်ဝမှာ တည်ရှိတဲ့ ဗီယက်နမ် အတွက် အရေးပါလှတဲ့ ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗီယက်နမ် ကုန်သွယ်ရေးနဲ့ ပညာရေး ကဏ္ဍမှာ ဒါနန်းဟာ တိုးတက်တဲ့ မြို့အဖြစ် နေရာယူထားပါတယ်။

ထရမ့်-ကင်မ် ထိပ်သီးဆွေးနွေးပွဲ နောက်တချီလုပ်ရင် စင်္ကာပူလိုပဲ ကင်မ့်အတွက် ခရီးရှည်ရှည် သွားစရာလည်း မလို၊ နှစ်ဘက်လုံး အတွက် လုံခြုံရေး အရ အာမခံချက်လည်းရှိ၊ ဘက်လိုက်မှုလည်း ကင်းမယ့် အာရှ နောက် တနိုင်ငံမှာ တွေ့ဖို့များတယ်လို့ ခန့်မှန်း ထားကြပြီး ဖြစ်ပါတယ်။

ဗီယက်နမ်က အခု တချီ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်လုပ်လိုကြောင်း တရုတ်ကနေတဆင့် နားဖောက်ခဲ့တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

အခုလို ဗီယက်နမ်ကို အိမ်ရှင် အဖြစ် ထရမ့်က တရားဝင် ကြေညာလာခဲ့တဲ့ နောက်မှာတော့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ဇူအမ်ဖတ်ကလည်း ထိပ်သီး အစည်းအဝေးအတွက် အကောင်းဆုံး ပြင်ဆင်ထားမယ် ဆိုပြီး အာမခံ ပြောကြားပါတယ်။

BBC Burmese
https://www.bbc.com/burmese
ထရမ့်-ကင် နောက်တစ်ကြိမ်တွေ့ကြဖို့ ဗီယက်နမ်ကို ဘာလို့ရွေး ထရမ့်-ကင် နောက်တစ်ကြိမ်တွေ့ကြဖို့ ဗီယက်နမ်ကို ဘာလို့ရွေး Reviewed by THITHTOOLWIN on 12:04 Rating: 5
Powered by Blogger.