အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနကို သတင်းမီဒီယာကောင်စီမှာ တပ်မတော် တိုင်ကြား

 ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေပြည်တော်က ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့မြင်ရစဉ်
ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ အတည်ပြုချက် မယူဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမေး-အဖြေ အင်တာဗျုး သတင်း ဖော်ပြခဲ့တယ် ဆိုပြီး သတင်းဌာနအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးဖို့ တပ်မတော်က မြန်မာ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တယ်လို့ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းမှု သတင်းကို မကြာခင်သေးခင်က အဆာဟိရှင်ဘွန်း သတင်းဌာနက ဖော်ပြခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အင်တာဗျူး မေးမြန်းခဲ့တာတွေမှာ အကြောင်းအရာ ကွဲလွဲတာ၊ နားလည်မှုလွဲတာ မဖြစ်စေဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကို ပေးပို့အတည်ပြုပြီးမှ သတင်းထုတ်ဖို့ ကြိုတင် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဆာဟိရှင်ဘွန်း သတင်းဌာနက အတည်ပြုချက် ရယူတာ မရှိဘဲ သတင်းထုတ်လိုက်တဲ့ အတွက် သတင်းဖော်ပြရာမှာ ဖြေကြားချက်တွေကို တိကျမှန်ကန် ပြည့်စုံစွာ ဖော်ပြမှု မရှိဘူးလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဆိုပါတယ်။

ဒါ့အပြင် သတင်းမီဒီယာနည်းဥပဒေအခန်း ၁၀ အပိုဒ် ၃၃ (ဂ) ရဲ့ ဥပဒေပုဒ်မ ၉ မှာပါတဲ့ သတင်းသမားတွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း လိုက်နာမှု မရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မြန်မာသတင်းမီဒီယာကောင်စီကို ပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် သတင်းမီယာ ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ပေးဖို့ အကြောင်းကြားတာ ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပြောပါတယ်။

"သူက ဘာပြောလို့ ဟိုဘက်က ဘယ်လိုရေးတယ်ဆိုတာ ဘာမှ မသိရသေးဘူး၊ အဲဒါကြောင့် သက်သေခံပစ္စည်း တင်ပြပေးပါ၊ တဖက်ကိုလည်း ခေါ်ထားပါတယ်" လို့ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ အဆာဟိရှင်ဘွန်းရဲ့ ရန်ုကုန် အခြေစိုက် တာဝန်ရှိသူတွေကို သတင်းမီဒီယာ ကောင်စီ ဘက်က အကြောင်းကြားထားပြီး လာမယ့် မတ်လ ၁ ရက်နေ့မှာ နှစ်ဖက်စလုံးကို သီးခြားစီ တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်လို့ မြန်မာသတင်းမီဒီယာကောင်စီက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနကို သတင်းမီဒီယာကောင်စီမှာ တပ်မတော် တိုင်ကြား အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနကို သတင်းမီဒီယာကောင်စီမှာ တပ်မတော် တိုင်ကြား Reviewed by THITHTOOLWIN on 08:30 Rating: 5
Powered by Blogger.