ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ လူစုံပြီ

တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် ကို ပြည်ထောင်စုလွှတ်တော်မှာတွေ့ရစဉ် ။ Credit: pyithu hluttaw FB
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်ဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၈ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ၂ ဦးတို့ အမည်စာရင်းကို ဒီနေ့ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

ကော်မတီ ဖွဲ့စည်းတာဟာ လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့ မညီပေမယ့် လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်တဲ့ အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လိုက်နာပြီး စာရင်းပေးလိုက်တာလို့ တပ်မတော်သား ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် က ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ကော်မတီမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးမှာဖြစ်ပေမယ့် ဘယ်လိုပုဒ်မတွေကို ပြင်ဆင်မလဲဆိုတာကိုတော့ တစ်ခုချင်းစီအလိုက် စဉ်းစားထားတာ မရှိသေးဘူးလို့လည်း ဗိုလ်မှူးချုပ် မောင်မောင် ပြောပါတယ်။

အဲဒီကော်မတီဝင် တပ်မတော်သားကိုယ်စားလှယ် ၈ ဦးထဲမှာ ဗိုလ်ချုပ်အဆင့်ရှိ အရာရှိကြီးတဦး အပါအ၀င် ဒုတိယဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးအဆင့်တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။

တပ်မတော်အနေနဲ့ ပြင်ဆင်ချင်တဲ့ပုဒ်မတွေရှိပြီး လက်ရှိ ပူးပေါင်းကော်မတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ မကိုက်ညီရင် ပြင်ဆင်ရေးဥပဒေကြမ်းတစ်ရပ်ကို တင်ကောင်းတင်နိုင်တယ်လို့လည်း ပြောပါတယ်။

တဆက်တည်းမှာပဲ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့က တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်တဲ့ ပုဒ်မ ၂၆၁ ကိုပြင်ဆင်ဖို့ ဥပဒေကြမ်းတင်ထားတာကို အဖွဲ့ဝင် ၃၀ ဦးပါ ကော်မတီလည်း လွှတ်တော်က ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ လူစုံပြီ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ လူစုံပြီ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.