![]() |
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အမြင့်ပေ ၁၅၀ ကျော်ရှိတဲ့ ကျောက်တောင်ကမ်းပါး ပြိုကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းကို သယ်ယူနေစဉ် / ဓါတ်ပုံ - ဇော်မိုးထက်(ဖားကန့်) |
ကျောက်စိမ်းတူးဖော်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ ကုမ္ပဏီ ၂ ခုအကြားမှာ ကျန်ရှိတဲ့ ကျောက်တောင်နံရံအောက်မှာ တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးဖော်သူ ၉ ဦး ဝင်ရောက်တူးဖော်နေချိန်မှာ တောင်ကမ်းပါးပြိုကျပြီး အဲဒီထဲက ၆ ဦး သေဆုံးခဲ့တာဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က RFA ကို အတည်ပြုပြောပါတယ်။
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို မနေ့က ညနေပိုင်းမှာ ရှာဖွေတွေ့ရှိထားပြီဖြစ်ပြီး ဖားကန့်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဦးကျော်စွာအောင်က ပြောပါတယ်။
သေဆုံးသွားသူတွေဟာ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း ဟိုပင်မြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွေကနေ လာရောက် ကျောက်တူးကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာမှာ မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၂ ဦးသေဆုံးခဲ့ပါတယ်။
ဒီနှစ်အတွင်း အခုချိန်ထိ ဖားကန့်မြို့နယ်မှာ မြေစာပုံ ပြိုကျမှု၊ ကျောက်တောင်ကမ်းပါး ပြိုကျမှုတွေကြောင့် ကျောက်စိမ်းတူးဖော်သူ ၁၀ ဦးခန့် သေဆုံးခဲ့ရကြောင်းလည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
ကျောက်တောင်ကမ်းပါး ပြိုကျမှု ၆ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
20:40
Rating:
