ကယားမှာ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားပေးရေး ကန့်ကွက် လမ်းလျှောက်တဲ့ ကရင်နီလူငယ်ထုကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွင်း

ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူငယ် ၁၅ ဦးခန့် ဒဏ်ရာရ
ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်တုဖယ်ရှားပေးရေး ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ထောင်နဲ့ချီတဲ့ ကရင်နီလူထုကို ရဲတပ်ဖွဲ့က ရာဘာကျည် နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူ ၁၅ ဦးခန့် ဒဏ်ရာရသွားခဲ့တယ်လို့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခွန်သောမတ်စ်က ဘီဘီစီကိုပြောပါတယ်။

'' ဒဏ်ရာရသွားတဲ့သူတွေကို ကျွန်တော်တို့ဆီမှာပါတဲ့ ဆေးတပ်သားအချို့က ကုသပေးနေပါတယ်။ ကျွန်တော်တို့ ချီတက် လမ်းလျှောက်ဖို့ကို ၉ ရက်နေ့ကတည်းက ခွင့်ပြုချက်တင်ထားခဲ့တာခွင့်မပြုခဲ့ဘူး။ ဒီကနေ့ မနက်ပိုင်းမှာ ကျွန်တော်တို့ လူ ၂ထောင်ဝန်းကျင်လောက်ပါတဲ့ လမ်းကြောင်း ၃ခုနဲ့ ပန်းခြံအထိ ချီတက်ခဲ့ကြတယ်။'' လို့ ခွန်သောမတ်စ်ကပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရာ ပန်းခြံအထိ လမ်းကြောင်း ၃ခုနဲ့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူအုပ်ကို ရဲတပ်ဖွဲ့က ရပ်တန့်ခိုင်းရာ မရပ်တန့်ဘဲ ဆက်လက်ချီတက်ခဲ့တဲ့အတွက် အခုလို ပစ်ခတ်ဖြို ခွင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ၅၀ ကျော်ရှိ
ကရင်နီလူငယ်တွေဟာ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်တုထားဖို့ လုပ်ဆောင်စဉ်ကတည်းက မထားဖို့အတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေကြောင့်လည်း တရားစွဲဆိုခံ ထားရတဲ့ ကရင်နီလူငယ် ၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

ကရင်နီလူငယ် ၂၀ ခန့်ဟာ ဗိုလ်ချုပ်ရုပ်တုရှိရာ ပန်းခြံဝန်းအတွင်းကနေ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားပေးရေးနဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးတို့ကို ဆက်လက်တောင်းဆိုနေပြီး ပန်းခြံပြင်ပကနေ လူ ၂တစ်ထောင်ကျော်ဝန်းကျင်ကလည်း ကရင်နီလူငယ်ထုကို ဝန်းရံပေးနေတယ်လို့လည်း သိရပါတယ်။

' ' ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုနေတာ။ ဘာလက်နက်မှလည်း မရှိဘူး။ ကျွန်တော်တို့ လိုချင်တာ ညှိနှိုင်းဖို့ပဲ ။ အစိုးရတာဝန်ရှိသူတွေလာရောက်ညှိနှိုင်းဖို့ ကျွန်တော်တို့ စောင့်နေပါတယ်။'' လို့ လက်ရှိအခြေအနေကို ခွန်သောမတ်စ်က ဘီဘီစီကိုပြောပြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုဖယ်ရှားရေးနဲ့ ကယားပြည်နယ်ဝန်ကြီး ချုပ်နှုတ်ထွက်ပေးရေးအတွက် ဆက်လက်တောင်းဆိုနေ
ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်နှိမ်နင်းတာတွေရှိခဲ့ပေမယ့်လည်း ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကရင်နီလူငယ်တွေ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုဖယ်ရှားရေးနဲ့ ကယားပြည်နယ်ဝန်ကြီး ချုပ်နှုတ်ထွက်ပေးရေးအတွက် ဆက်လက်တောင်းဆိုနေပြီး သူတို့ကို ဝန်းရံအားပေးနေတဲ့ လူထုဟာ ကန္တာဟေဝန်ပန်းခြံအတွင်း နဲ့အပြင်မှာဆက်လက်ဝန်းရံစောင့်ဆိုင်းနေကြပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေပြင်းထန်နေချိန် NLD ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ကိုရောက်ရှိစဉ် ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့စဉ်က ဗိုလ်ချုပ်ကြေးရုပ်တုထားရှိရေးကို ပါတီအနေနဲ့ ဦးဆောင်လုပ်ဆောင်ဖို့ မူဝါဒချမှတ်ထားတာမရှိသလို ၊ ကန့်ကွက်မှုတွေရှိနေရင် ပြေလည်အောင်ညှိနှိုင်းပြီးမှသာ လုပ်ဆောင်သင့်တယ်လို့လည်း ကြေးရုပ်တုမှတ်ချက်ပြုပြောဆိုထားပါတယ်။

BBC Burmese
https://www.bbc.com/burmese
ကယားမှာ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားပေးရေး ကန့်ကွက် လမ်းလျှောက်တဲ့ ကရင်နီလူငယ်ထုကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွင်း ကယားမှာ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားပေးရေး ကန့်ကွက် လမ်းလျှောက်တဲ့ ကရင်နီလူငယ်ထုကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွင်း Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.