![]() |
နွစပါးပေါ်ရင် စပါးဈေး ကျနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေ |
စပါးဈေး ကျနိုင်တဲ့ အပေါ် စိုးရိမ်မှု ရှိနေကြောင်း မန္တလေးမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ် ညီလာခံမှာ ဥက္ကဌ ဦးချစ်ခိုင်က ဖွင့်ဟခဲ့ပါတယ်။
ဒီတော့ စပါးကြမ်းခင်းဈေး သတ်မှတ်ဖို့ရာလည်း အခက်တွေ့နေပြီး တောင်သူတွေရော ကုန်သည်တွေပါ စိတ်ပူနေကြတဲ့ အနေအထားမှာ ရှိနေပါတယ်။
မနှစ်ကအတိုင်း တင်း တစ်ရာကို ၅ သိန်းနှုန်းနဲ့ သတ်မှတ်နိုင်ဖို့ တာဝန်ရှိသူတွေဘက်က အခက်တွေ့နေတာ ဖြစ်ပါတယ်။
အနိမ့်ဆုံး ကြမ်းခင်းဈေး သတ်မှတ်တယ် ဆိုတာဟာ ဆန်စပါး အသင်းချုပ်က တောင်သူတွေ ပြင်ပ ဈေးကွက်မှာ ၅ သိန်း မရရင်၊ သူတို့ဆီ လာရောင်း၊ ၅ သိန်းပေး ဝယ်မယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
မနှစ်က တစ်နှစ်လုံးမှာတော့ ပြင်ပ ပေါက်ဈေး ၅ သိန်း အထက် ရှိနေခဲ့တဲ့ အတွက် တောင်သူတွေ အတွက် အဆင် ပြေခဲ့ပါတယ်။
ဒီနှစ်မှာတော့ ပြည်ပပို့တဲ့ ပမာဏ ကျဆင်းပြီး ပြည်တွင်းမှာ ပိုလျှံနေမှာ သေချာ သလောက် ဖြစ်နေတဲ့ အတွက် ကြမ်းခင်းဈေး ၅ သိန်း ဆိုပြီး မနှစ်ကနှုန်းနဲ့ သတ်မှတ်ပေးနိုင်ဖို့ ခက်နေတာပါ။
တကယ်လို့သာ ပြင်ပဈေးကွက်မှာ တင်း ၁ဝဝ ကို ၅ သိန်း အောက် ရောက်နေခဲ့ရင် တောင်သူ လယ်သမားတွေဟာ ကြမ်းခင်းဈေး ၅ သိန်းနဲ့ပဲ အလုံးလိုက်အရင်းလိုက် လာရောင်းတော့မှာ ဖြစ်လို့ ငွေအားရော၊ သိုလှောင် ထားရှိဖို့ နေရာ အခက်အခဲပါ နောက်ဆက်တွဲတွေ တွေ့လာရနိုင်တဲ့ အပေါ် တာဝန်ရှိသူတွေ စိုးရိမ် နေကြတာ ဖြစ်ပါတယ်။
![]() |
မူဆယ်ကနေ တရုတ်ထဲ ဝင်မယ့် ကုန်ကားတွေ |
မြန်မာ့ဆန်တွေ ပြည်ပကို အများဆုံးထွက်တာ တရုတ်ပြည်ဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်တာ ဖြစ်ပါတယ်။
ဒီလို နယ်စပ် ဖြတ်ကျော် ဝင်တာကို တရုတ် အစိုးရက တရားဝင် အသိအမှတ် ပြုထားခြင်း မရှိပဲ အခါအားလျော်စွာ တင်းကြပ် ထိန်းချုပ်လေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စလို့ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး အခြေအနေအရ တရုတ်နိုင်ငံထဲ ဝင်တဲ့ မြန်မာဘက်က ဆန်ပမာဏ အရင်ကနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ကျော် လျော့နည်းသွားပါတယ်။
ဥရောပ ဈေးကွက်ကို ကြည့်ရင်လည်း အီးယူက မြန်မာကို ကုန်သွယ်ရေး အထူး အခွင့်အရေး အဖြစ် အခွန်လွတ် တင်သွင်းခွင့် ပေးတဲ့ ကုန်ပစ္စည်း အမျိုးအစားတွေထဲက ဆန်လျားရှည် အမျိုးအစားကို ပယ်ဖျက်လိုက်ပြီး အခွန် ပြန်ကောက်လာပါတယ်။
ဒါ့ကြောင့် အီးယူ နိုင်ငံတွေထဲ မြန်မာ့ ဆန်တင်ပို့တာ ရပ်တန့်သလောက် ဖြစ်သွားပါတယ်။
ဒီလို အခြေအနေတွေမှာ အခု ဘဏ္ဍာနှစ် အတွင်း ပြည်ပကို ထွက်မယ့် ဆန်တန်ချိန် ၂ သန်း နီးပါးပဲ ရှိနိုင်တယ်လို့ တွက်ဆနေကြပြီး ဒါဟာ အရင်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁ သန်းကျော် နည်းနေတာ ဖြစ်ပါတယ်။
![]() |
အစိုးရက ဈေးကွက်သစ် ရှာပေးဖို့ ကုန်သည်တွေ လိုလား |
ဈေးကွက်သစ် ရှာတဲ့ အခါ အစိုးရခြင်း ချိတ်ဆက်ရောင်းတဲ့ နည်းက ကောင်းမွန်တယ်လို့ ဆန်ကုန်သည် ဦးမျိုးသူရအေးက ဆိုပါတယ်။
အစိုးရခြင်း ချိတ်ဆက်ပြီး သဘောတူမှုတွေ ရယူထားရင် အခွန် သက်သာခွင့် မျိုးလည်း ရရှိ နိုင်ပြီး ရေရှည် ဆန်စပါး ဈေးကွက် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တယ်လို့ ကုန်သည် အသိုင်းအဝိုင်းက ပြောကြပါတယ်။
လက်ရှိ ငွေလဲနှုန်းကို ကြည့်ပြီး စပါးဈေး သိသိသာသာ ထိုးကျတာမျိုး မဖြစ်နိုင်ဘူးလို့ မျှော်လင့် နေသူတွေလည်း ရှိနေပါတယ်။
BBC Burmese
https://www.bbc.com/burmese
အရင်နှစ်ကလို စပါး တင်းတစ်ရာ ကြမ်းခင်းဈေး ၅ သိန်း ပေးဖို့ တွန့်ဆုတ်နေ
Reviewed by THITHTOOLWIN
on
00:30
Rating:
