တရုတ်အစိုးရအထူးကိုယ်စားလှယ် KIO ခေါင်းဆောင်တွေနဲ့ လိုင်ဇာမှာတွေ့

တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနှင့်အဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ရောက်ရှိလာစဉ်။ (Screenshot: Kachin News Group)
တရုတ်အစိုးရရဲ့  အာရှပစိဖိတ်ရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း (Sun Guoxiang) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIO  ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို  ဇန်နဝါရီလ ၁၁ ရက်နေ့က နေ့ချင်းပြန် သွားရောက်ခဲ့ပါတယ်။

မစ္စတာဆွန်ကော်ရှန်းနဲ့ အဖွဲ့ကို KIO ခေါင်းဆောင်တွေနဲ့  ကချင်လူထုက ကြိုဆိုခဲ့ကြပြီး KIO ခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးဌာနရဲ့  Febook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မစ္စတာဆွန်ကော်ရှန်းနဲ့အတူ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ဌာန ဒုတိယညွှန်ကြားရေးမှူး Mr. Guo Bau လည်း လိုက်ပါလာတယ်လို့ သိရပါတယ်။

တရုတ်နှစ်သစ်ကူးကာလ ရောက်ပြီဖြစ်တဲ့အတွက် လာရောက်တွေ့ဆုံတာလို့ တရုတ်ကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ တရုတ်နယ်စပ်ငြိမ်းချမ်းရေးအတွက် အားစိုက်ဆွေးနွေးကြဖို့၊ နိုင်ငံငြိမ်းချမ်းရေး အတွက် တကြိမ်နှစ်ကြိမ် ဆွေးနွေးရုံနဲ့ အောင်မြင်မှာ မဟုတ်ကြောင်း၊ ဆွေးနွေးရာမှာ အခက်အခဲတွေ ကြုံတွေ့နိုင်ပြီး စိတ်ရှည်လက်ရှည် ဆွေးနွေးဖို့လိုအပ်ကြောင်း တရုတ်ကိုယ်စားလှယ်က ပြောကြားခဲ့ပြီး၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း လက်ရှိ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ထမင်းလက်ဆုံစားပြီး လိုင်ဇာမြို့ကနေ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

(RFA သတင်းထောက်  အဲလိဇဘက်ဂျန်မာ သတင်းပေးပို့သည်)

RFA Burmese
https://www.rfa.org/burmese
တရုတ်အစိုးရအထူးကိုယ်စားလှယ် KIO ခေါင်းဆောင်တွေနဲ့ လိုင်ဇာမှာတွေ့ တရုတ်အစိုးရအထူးကိုယ်စားလှယ် KIO ခေါင်းဆောင်တွေနဲ့ လိုင်ဇာမှာတွေ့ Reviewed by THITHTOOLWIN on 23:32 Rating: 5
Powered by Blogger.