သမီးလှရွာသစ်မှ ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရသေ့တောင်ဆေးရုံသို့ရောက်၊ ဒဏ်ရာရသူ အမျိုးသား ၃ဦးမှ အမှုဖွင့်တိုင်ကြားမည်ဟုဆို

(ဓာတ်ပုံ- ရသေ့တောင်မြို့ပေါ်သို့ ဆေးကုသရန် ရောက်နေသူ ၅ ဦး)
နိရဉ္စရာ၊ ဇန်န၀ါရီ ၂၈

ဇန်န၀ါရီ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှ ရွာသစ်အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရွာထဲသို့ လက်နက်ကျည်ဆံများ ထိမှန်၍ ဒဏ်ရာရသူ အမျိုးသမီး ၂ ဦးနှင့် စစ်တပ်၏ ထုထောင်းရိုက်နှက်ခြင်းကို ခံခဲ့ရသည့် ကျေးရွာသား ၃ ဦး၊ စုစုပေါင်း ၅ ဦးသည် ဇန်န၀ါရီ ၂၇ ရက်နေ့က ရသေ့တောင်မြို့နယ်ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာကြသည်ဟု ဆိုသည်။

၎င်းတို့မှာ ဒေါ်စံမြသွင် (၅၇)နှစ် (ဘ) ဦးမောင်သာဖြူ၊ မနွယ်နွယ်ဦး (၂၇) နှစ် (ဘ) ဦးလှထွန်း၊ မောင်ဝင်းလိုင်(၃၅) နှစ် (ဘ) ဦးမောင်လှဖြူ၊ ကိုညီပုချေ (၂၀) နှစ် (ဘ) ဦးမောင်လှဖြူနှင့် မောင်စိုးဝင်း (၁၉) နှစ် (ဘ) ဦးမောင်လှသိန်းတို့ ဖြစ်ကြသည်။

ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သာခင်က “ အမျိုးသမီး နှစ်ဦးကတော့ တိုက်ပွဲအတွင်း မတော်တဆ တင်ပါးကို ကျည်ဆံထိမှန်ခဲ့တယ်။ ကျန်သုံးယောက်ကတော့ စစ်တပ်က စစ်ဆေးတဲ့အခါ ဒဏ်ရာ ရရှိသွားခဲ့ကြတယ်။ သူတို့ သုံးဦးကို ရသေ့တောင်မြို့မရဲစခန်းမှာ အမှုဖွင့်တော့ ရဲစခန်းမှူးက ဒီမှာ အမှုဖွင့်လို့ မရဘူးလို့ ပြောပါတယ်။ ဖြစ်တဲ့ နေရာက နယ်ခြားစောင့် စခန်းအပိုင်ဆိုတော့ နယ်ခြားစောင့် စခန်းရှိတဲ့ စေတီပြင်ကိုသွားပြီး အမှုဖွင့်ရမယ်။ ဒီနေ့ သွားပြီး အမှုဖွင့်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

ရဲက အမှုဖွင့်မပေးသဖြင့် ဒဏ်ရာရသူများအနေဖြင့် ရသေ့တောင်မြို့နယ် ဆေးရုံတွင် ဆေးကုသရန် အခက်အခဲရှိနေသည်ဟု သိရသည်။

“ ရသေ့တောင်မြို့နယ်ဆေးရုံကတော့ ဒဏ်ရာမှာ ဆေးတွေတင်ပေးပါတယ်။ ဒါပေမယ့် အမှုဖွင့်တဲ့ ရဲက ဆေးစာမပါတဲ့ အတွက် ဆေးရုံတက်ရောက်ကုသလို့ မရဘူး။ ဒါကြောင့် သူတို့အနေနဲ့ စေတီပြင်နယ်ခြားစောင့်စခန်းကို သွားပြီး အမှုဖွင့်ဖို့ လိုအပ်ပါတယ်” ဟု ဦးကျော်သာခင်က ပြောကြားသည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ဦးခေါင်းတွင် ဒဏ်ရာရသွားသူ မောင်ဝင်းလှိုင်က “ တိုက်ပွဲ ဖြစ်တော့ ကျွန်တော်တို့က ကိုယ့်အိမ်အောက် ထမင်းချက်ခန်းမှာ ၀ပ်နေကြပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ စစ်သားတွေက သေနတ်တွေပစ်ပြီးရွာထဲကို ပြေးဝင်လာကြပါတယ်။ ကျွန်တော်တို့အိမ်က ရွာပြင်စပ်မှာဆိုတော့ ကျွန်တော်အိမ်ကို သေနတ်နဲ့ ချိန်ထားပြီး အိမ်မှာ လူရှိလား၊ လူရှိရင် ထွက်လာဆိုပြီး ပြောပါတယ်။ ကျွန်တော်တို့က ရှိပါတယ်။ ရှိပါတယ်ဆိုပြီး လက်မြင့်ပြီး ထွက်လာတော့ စစ်သား တစ်ယောက်က နောက်ကနေ ခြေထောက်နဲ့ကန်ကျောက်လိုက်ပါတယ်။ မြေကြီးကို လဲကျသွားတဲ့အခါ တစ်ယောက်က သေနတ်ပေါင်နဲ့ ထုလိုက်တဲ့အခါ ကျွန်တော်ဦးခေါင်းမှာ နောက်စေ့မှာ ဒဏ်ရာရသွားပါတယ်။ နောက်ပိုင်း သွေးတွေထွက်တော့ စစ်သားတွေကဘဲ လာပြီး ပတ်တီးစည်း ဆေးတင်ပေးပါတယ်” ဟု ပြောသည်။

၎င်း၏ နောက်ပါ ထွက်လာသည့် ညီဖြစ်သူ ညီပုချေမှာလည်း သေနတ်ပေါင်ဖြင့် ရင်ညွှန့်ကို အထိုးခံရသဖြင့် အတွင်းဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ ၎င်းတို့အား ကြိုးဖြင့် ချည်နှောင်ထားပြီး စစ်ဆေးမေးမြန်းကြောင်း၊ ညနေ ၄ နာရီတွင် သာမန် အရပ်သားများဟု သိရှိသွားသဖြင့် ပြန်လည်လွတ်ပေးလိုက်ကြောင်း မောင်ဝင်းလိုင်က ပြောကြားသည်။

“ ကျွန်တော်၏ ညီမှာ မျက်ခုံးအထက်မှာ ပွန်းပဲ့ဒဏ်ရာနဲ့ နောက်တစ်ယောက်ဖြစ်တဲ့ မောင်စိုးဝင်းမှာလည်း မျက်ခုံးမှာ ပွန်းပဲ့ ဒဏ်ရာရပါတယ်။ ကျွန်တော်ညီကတော့ အတွင်းဒဏ်ရာရသွားသလား။ ဆေးရုံက စမ်းသပ် စစ်ဆေးပေးဖို့ လိုပါတယ်” ဟု ပြောကြားသည်။

ဇန်န၀ါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က သမီးလှရွာသစ် အနောက်ဘက် တံတားတည်ရှိရာ ဓနိတောစပ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကျည်ဆံများ သမီးလှရွာသစ်ကျေးရွာအတွင်းထိ ကျရောက်ပေါက်ကွဲသဖြင့် အသက် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင်လည်း ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကာ စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စစ်ကြောင်း သမီးလှရွာသစ်ကျေးရွာအနီးက ဖြတ်သန်းစဉ် ရီမုဒ်ဖြင့်ရွာထဲမှ တိုက်ခိုက်မှု ရှိသဖြင့် ရွာထဲသို့ ၀င်ရောက်ရှင်းလင်းခဲ့ရကြောင်း၊ သို့သော်လည်း စစ်တပ်က မဟုတ်ဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့တစ်ခုက ၀င်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ထိုသို့ ရှင်းလင်းစဉ် လုံခြုံရေးအရ ရွာသားတစ်ချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများရှိခဲ့ကြောင်း ဇန်န၀ါရီ ၂၇ ရက်နေ့က မေးမြန်းစဉ် နိရဉ္စရာသတင်းဌာနသို့ ပြောဆိုထားသည်။

Narinjara
https://www.facebook.com/Narinjara
သမီးလှရွာသစ်မှ ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရသေ့တောင်ဆေးရုံသို့ရောက်၊ ဒဏ်ရာရသူ အမျိုးသား ၃ဦးမှ အမှုဖွင့်တိုင်ကြားမည်ဟုဆို သမီးလှရွာသစ်မှ ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရသေ့တောင်ဆေးရုံသို့ရောက်၊ ဒဏ်ရာရသူ အမျိုးသား ၃ဦးမှ အမှုဖွင့်တိုင်ကြားမည်ဟုဆို Reviewed by THITHTOOLWIN on 13:02 Rating: 5
Powered by Blogger.