တရုတ်ကြွေးပိလာနေတဲ့ အာဖရိက

တရုတ်အကြွေးပိလာနေတဲ့ Uganda နဲ့ ကင်ညာနိုင်ငံ။
ယူဂန်ဒါ နိုင်ငံဟာ တရုတ်နိုင်ငံဆီက ငွေအတော်များများကို သတ်မှတ်ချက်တွေနဲ့ ချေးထားတဲ့ အတွက် နိုင်ငံပိုင် ပစ္စည်းတွေ တရုတ်လက်ထဲအပ်ရမယ့် အန္တရယ်ရှိနေပြီ ဆိုတဲ့စိုးရိမ်ချက်တွေကို ယူဂန်ဒါ ဘဏ္ဍာရေးဝန်ကြီးက ပယ်ချလိုက်ပါတယ်။ လမ်းတံတားဆောက်လုပ်ရေး၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးနဲ့ လောင်စာဆီ ထုတ်လုပ်ရေးလုပ်ငန်းအပါအ၀င် ယူဂန်ဒါနိုင်ငံတွင်းက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် တရုတ်ဗဟိုဘဏ်ကနေ ယူဂန်ဒါနိုင်ငံက ချေးထားတဲ့ငွေ ဒေါ်လာ ၃ ဘီလီယံရှိနေတာပါ။ ဒီအကြောင်း Kampalaမြို့ကနေ Halima Athumaniပေးပို့ထားတဲ့သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

တရုတ်နိုင်ငံကနေ ချေးယူထားတဲ့ငွေပမာဏ များလာပေမယ့် အဲဒီအကြွေးတွေကို ထိန်းထားနိုင် သလို တရုတ် လက်ထဲ နိုင်ငံပိုင်ပစ္စည်းတွေ ထိုးအပ်ရမယ့် အနေအထားမရှိဘူးလို့ ယူဂန်ဒါ ဘဏ္ဍာရေးဝန်ကြီး Matia Kasaij ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ပြောဆိုထားပါတယ်။ ယူဂန်ဒါ အစိုးရ ဘက်က တရုတ်ကို တင်နေတဲ့ အကြွေး တွေဟာ ၂၀၁၇ ခုနှစ် ဇွန်လကနေ ၂၀၁၈ ခုနှစ်ထိဆိုရင် ဒေါ်လာ ၉.၁ ဘီလီယံကနေ ၁၁.၁ ဘီလီယံထိ တိုး လာတာကို ယူဂန်ဒါ စာရင်းစစ်ချုပ်ရုံးက ဒီလ အတွင်းထုတ်ပြန်တဲ့အစီရင်ခံစာမှာ သတိပေး ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာမှာ တရုတ်နိုင်ငံကို အတိအကျဖော်ပြမထားပေမယ့် အဓိကငွေချေးစာချုပ်ပါ သတ်မှတ်ချက် တွေအရ နိုင်ငံပိုင်ပစ္စည်းတွေ လက်လွှတ်ရမယ့်အနေအထားဖြစ်လာနေပြီဆိုပြီး ဖော်ပြထားပါတယ်။

တချို့ ချေးငွေစာချုပ်တွေမှာ နိုင်ငံပိုင်ပစ္စည်းတွေကို အာမခံထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ဘဏ္ဍာရေးဝန်ကြီး Kasaija က ခုလို ပြောပါတယ်။

“တရုတ်က ကျုပ်တို့ပိုင်ပစ္စည်းတွေ သိမ်းမယ်ဟုတ်လား?ဒီအကြောင်း ကျနော်တော့ မကြားမိပါဘူး။ ဒါပေမယ့် ယူဂန်ဒါနိုင်ငံမှာ စီးပွါးရေးတွေကျဆင်းစေမယ့် ကဒ်ဘေးကြီးတွေ ရောက်မလာသ၍ ကျနော်တို့ ဆက်ပြီးတာဝန်ယူ ထားသမျှ ကာလပတ်လုံး ဒီကိစ္စ အဆင်ပြေသွားမှာပါ။ ဒါကြောင့် တရုတ်က နိုင်ငံပိုင်ပစ္စည်းသိမ်းမယ့်ကိစ္စ ကျနော်ကတော့ မစိုးရိမ်ပါဘူး။ အဲဒီလိုကိစ္စမျိုး တခြားနေရာမှာ သွားပြီးလုပ်လို့ ရချင်ရမယ်။ ဒီမှာ ဖြစ်လာမယ်လို့ တော့ မထင်ပါဘူး။”

တရုတ်နိုင်ငံဟာ ယူဂန်ဒါနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ဗဟိုဘဏ်ကတဆင့် ဒေါ်လာ ၃ ဘီလီ ယံထိ ငွေအတော်များများ ချေးပေးထားတဲ့နိုင်ငံထဲက တခုလည်းဖြစ်ပါတယ်။ ယူဂန်ဒါနိုင်ငံရဲ့ စွမ်းအင်ထုတ်မယ့် လုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ Karuma နဲ့Isimba ရေကာတာ တည်ဆောက်ရေးအတွက် ရံပုံငွေ ၈၅% ကို တရုတ်နိုင်ငံက Exim ဘဏ်က ချေးပေးထားတာပါ။

တခါ မြို့ တော် Kampala နဲ့ လေဆိပ်ကိုသွားတဲ့ Entebbe Express Highway လမ်းမကြီးအတွက်ကုန်ကျငွေ ဒေါ်လာ ၄၇၅ သန်းကိုလည်း ချေးပေးထားတာပါ။ ဒီအမြန်လမ်းမကြီးကြောင့် ကားမောင်းချိန် တ၀က်မက လျော့သွားပါတယ်။

၂၀၂၁ ခုနှစ်မှာ ရေနံထုတ်ယူနိုင်မယ့် ယူဂန်ဒါနိုင်ငံ အနောက်ပိုင်းက ရေနံကွင်းတွေကိုလည်း တရုတ်နိုင်ငံက ကမ်းလွန်ရေနံကော်ပိုရေးရှင်း National Offshore Oil Corporation ၊ ပြင်သစ်နိုင်ငံက Total ကုမ္ပဏီ၊ ဗြိတိန် နိုင်ငံက Tullow Oil ကုမ္ပဏီတို့က ပူးတွဲပိုင်ဆိုင်ကြပါတယ်။ ယူဂန်ဒါနိုင်ငံက ရေနံထုတ်လုပ်ရေးလုပ်ငန်းမှာ တရုတ်နိုင်ငံက ခြေချလိုက်တာဟာ သူပေးထားတဲ့အကြွေးတွေ ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ စီးပွါးရေးပညာရှင် Fred Muhumuza ကပြောပါတယ်။

“တရုတ်တို့က သူတို့ ချေးထားပေးတဲ့ ငွေတွေ ပြန်ရဖို့ ရေနံဈေးကို သူတို့ သတ်မှတ်တာမျိုး လုပ်ကောင်း လုပ်မှာပါ။ ရေနံထုတ်လုပ်ရေးလုပ်ငန်းမှာ ခြေတလှမ်းချထားလိုက်နိုင်တာနဲ့ပဲ… ကောင်းပြီ၊ ခင်ဗျားတို့ရဲ့ ရေနံအတွက် ငွေပေးပါ့မယ်လို့ တရုတ်တို့က ပြောမှာပါ။ ဒါပေမယ့် ရေနံတစည်ကို ဒေါ်လာ ၆၀ ပေးမယ့်အစား၊ ခင်ဗျားတို့ တင်နေတဲ့အကြွေးအတွက် ရေနံတစည်ကို ၅၅ ဒေါ်လာပဲပေးမယ်။ ကျန်တဲ့ ၅ ဒေါ်လာက အကြွေးဆပ်တာပေါ့။ ဒီရေနံ လုပ်ငန်းက လက်ရှိ အကြွေးပြဿနာကို ဖြေရှင်းမယ့် အနေအထား ဖြစ်လာနေပြီဆိုတဲ့ အဆင့်ကို ကျနော်တို့ ရောက်လာနေပါပြီ။”

အာဖရိကတိုက်မှာ နိုင်ငံပိုင်ပစ္စည်းတွေကို တရုတ်တို့ သိမ်းယူမယ့်အရေး စိတ်မအေးဖြစ်နေရတာ ယူဂန်ဒါ နိုင်ငံက ပထမဆုံးတော့ မဟုတ်ပါဘူး။ ကင်ညာနိုင်ငံက ဒီဇင်ဘာလမှာထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ တစောင် ပေါက်ကြားသွားရာမှာ နိုင်ရိုဘီမြို့နဲ့ ဆိပ်ကမ်းကိုဆက်သွယ်တဲ့ ရထားလမ်းတည်ဆောက်ရေးအတွက် Mombasa ဆိပ်ကမ်းကို အာမခံထားပြီး Exim ဘဏ်ကနေ ဒေါ်လာ ၃ ဘီလီယံကို ချေးယူခဲ့တာကို ဖော်ပြထား ပါတယ်။ ဒီကိစ္စကြောင့် Mombasa ဆိပ်ကမ်းကို တရုတ်တို့ သိမ်းပိုက်မယ့် အခြေအနေဖြစ်ပြီဆိုတဲ့ စိုးရိမ်ချက် တွေအပေါ်တရုတ်ဘက်ကရော ကင်ညာ တာဝန်ရှိသူတွေဘက်ကပါ ငြင်းဆိုခဲ့ကြပါတယ်။

တခါ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေအရ ဇမ်ဘီယာနိုင်ငံမှာလည်း တရုတ်ဆီက ချေးယူ ထားတဲ့ အကြွေးဆပ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီကို တရုတ်တို့က သိမ်းပိုက်ခဲ့တာကို တွေ့ရပါတယ်။ ဒီကိစ္စတွေကိုတော့ အစိုးရပိုင်းက ငြင်းဆန်ထားတာပါ။ ဒီလို ချေးငွေကိစ္စတွေကြောင့် နိုင်ငံပိုင် ပစ္စည်းတွေ တရုတ်တို့ လက်ထဲအပ်ရမယ့်ကိစ္စဟာ စိုးရိမ်စရာ မလိုတဲ့ အရာတော့မဟုတ်ပါဘူး။ သီရီလင်္ကာနိုင်ငံဟာ တရုတ်ဆီကချေးယူထားတဲ့ အကြွေးဆပ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံပိုင် ဆိပ်ကမ်းတခုကို ၂၀၁၇ ခုနှစ်မှာ တရုတ်တို့လက်ထဲ ထိုးအပ်ခဲ့ရတဲ့ သာဓကလည်း ရှိထားပါတယ်။

နန်းလောင်ဝ် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
တရုတ်ကြွေးပိလာနေတဲ့ အာဖရိက တရုတ်ကြွေးပိလာနေတဲ့ အာဖရိက Reviewed by THITHTOOLWIN on 07:59 Rating: 5
Powered by Blogger.