ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းထိ တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့

( ဓာတ်ပုံ- ရသတော့င်မြို့နယ် မြောက်ပိုင်း ငစံဘော်ရွာနားမှာ မပေါက်ကွဲဘဲ ကျရောက်လာသော RPG ကျည်တစ်လုံး)
နိရဉ္စရာ၊ ဇန်န၀ါရီ ၁၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ခရုချောင်းကျေးရွာနှင့် ရေကောင်းချောင်း ကျေးရွာကြားတွင် ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားများက ပြောကြားသည်။

ခရုချောင်းကျေးရွာ ဒေသခံ တစ်ဦးက “ ညနေ ၃ နာရီကျော်ကနေ ၆ နာရီထိ ဖြစ်ပါတယ်။ ခရုချောင်းနဲ့ ရေကောင်းချောင်းရွာအကြားမှာပါ။ ကျွန်တော်တို့ ရွာသားတွေက တိုက်ပွဲ ဖြစ်နေတုန်း ကြောက်လန့်ပြီး အိမ်အောက်မှာ လုပ်ထားတဲ့ ဗုံးခိုတဲ့တွင်းတွေမှာ ခိုအောင်းနေခဲ့ရပါတယ်” ဟု ပြောသည်။

လက်နက်ကြီး လက်နယ်များ အဆက်မပြတ်ကြားခဲ့ရပြီး ရွာအနီးထိ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲသဖြင့် တလင်းထဲတွင် စပါးများကို ပစ်ထားပြီး ထွက်ပြေးလာရသည်ဟု ခရုချောင်းရွာမှ လယ်သမား တစ်ဦးကလည်း ပြောသည်။

“ ကျွန်တော်တို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိတော့ပါ။ ကျွန်တော်တို့ တလင်းနယ်နေတုန်း တိုက်ပွဲဖြစ်ပြီး ကျွန်တော်တို့ တလင်းအနီးထိ လက်နက်ကျည်ဆံတွေ ကျလာတဲ့ အတွက် စပါးနဲ့ တလင်းတွေကို ဒီအတိုင်းပစ်ထားပြီး ရွာထဲကို ထွက်ပြေးလာကြပါတယ်” ဟု ၎င်းလယ်သမားက ပြောကြားသည်။

ယခုတိုက်ပွဲသည် ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်း ၉ နာရီခန့်က မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ထပ်မံ ဖြစ်ပွားခြင်းဟု သိရသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဆက်ဖြစ်လာနိုင်ခြေရှိကြောင်း၊ ယခင်က တိုက်ပွဲများမှာ တောတောင်ထဲတွင် ဖြစ်ပွားနေရာမှ အခုအခါ တောတောင်များတွင် မဟုတ်တော့ ရွာအနီး မြေပြန့်များတွင် ဖြစ်ပွားလာကြောင်း၊ သို့အတွက် အထူးစိုးရိမ်နေရကြောင်း ရွာသားများက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းထိ တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့ ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းထိ တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.