မြောက်ဦးတွင် အရက်သေစာသောက်စားမူးယစ်ပြီး ဆိုင်ကယ်မောင်းသည့် သစ်တောအရာရှိ ဆိုင်ကယ်မှောက်၍ သေဆုံး


မြောက်ဦး၊ ဇန်နဝါရီ ၁၁၊ ၂၀၁၈။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် အရက်သေစာသောက်စားမူးယစ်ပြီး ဆိုင်ကယ်မောင်းနှင်သည့် မြောက်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်းအရာရှိဖြစ်သူ ဦးတင်လှသည် ဆိုင်ကယ်မှောက်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဦးတင်လှ (၄၅ နှစ်ခန့်)သည် ဇန်နဝါရီလ ၁ဝ ရက်နေ့ညက သူ၏ဇနီးရှိရာ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသို့ မြောက်ဦးမြို့မှ ဆိုင်ကယ်ဖြင့်အသွားတွင် မြောက်ဦးမြို့မှအထွက်နေရာ၌ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း မြောက်ဦးမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

" ညအချိန်မတော်မှာ အရက်သေစာမူးယစ်ပြီးတော့ ဘယ်ဘက်ယာဉ်ကြောက မြောင်းထဲကို ထိုးကျသွားတဲ့အတွက် သေတာလို့ ယူဆတယ်ဗျ။ သူတစ်နေ့လုံး အရက်မူးနေတယ်ဆိုတာတော့ သူ့သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ အကုန်လုံးက ပြောတယ်။"ဟု မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဇေယျက အတည်ပြုပြောသည်။

ဦးတင်လှသေဆုံးနေကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁ နာရီခန့်တွင် သတင်းရရှိပြီးနောက် မြောက်ဦးမြို့မရဲစခန်းက သွားရောက်စစ်ဆေးရာ ကားလမ်းတစ်ဘက်ယာဉ်ကြော၏မြောင်းတွင် ဆိုင်ကယ်ပေါ် ခြေထောက်တစ်ချောင်းပိနေပြီး ကျန်တစ်ချောင်းမှာ ဆိုင်ကယ်ပေါ်တင်လျက်သား သေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် သူသေဆုံးသူ၏ဦးခေါင်းနောက်စေ့နှင့် အနီးရှိ ကျောက်တုံးနှင့်ထိခိုက်ကာ သွေးထွက်ဒဏ်ရာရနေသည်ကိုလည်း တွေ့ခဲ့ရကြောင်း စခန်းမှူးက ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
မြောက်ဦးတွင် အရက်သေစာသောက်စားမူးယစ်ပြီး ဆိုင်ကယ်မောင်းသည့် သစ်တောအရာရှိ ဆိုင်ကယ်မှောက်၍ သေဆုံး မြောက်ဦးတွင် အရက်သေစာသောက်စားမူးယစ်ပြီး ဆိုင်ကယ်မောင်းသည့် သစ်တောအရာရှိ ဆိုင်ကယ်မှောက်၍ သေဆုံး Reviewed by THITHTOOLWIN on 23:35 Rating: 5
Powered by Blogger.