အရည်အသွေး မမီလို့ ရပ်ထားခဲ့ရတဲ့ ညောင်တုန်းဆေးရုံကို အသစ်ပြန်ဆောက်ဖို့ တင်ပြမယ်လို့ တိုင်းအစိုးရပြော

 ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားခဲ့ရတဲ့ ညောင်တုန်းဆေးရုံ
ဧရာဝတီတိုင်း ညောင်တုန်းမြို့က တိုးချဲ့ ၃ ထပ်ဆောင် ပြည်သူ့ဆေးရုံကြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ ၈ လကြာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားထားခဲ့ရပြီးတဲ့နောက် အခုတော့ အဆောက်အဦ တစ်ခုလုံးကို ဖြိုချပြီး အသစ်ပြန်ဆောက်ဖို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရကို ညောင်တုန်းမြို့ခံ အများစုက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ညောင်တုန်းဆေးရုံ ဆောက်လုပ်ဖို့ကို ပြည်ထောင်စု အစိုးရအဖွဲ့က ငွေကျပ်သိန်း ၆ ထောင်ကျော် ဘတ်ဂျက် ချပေးခဲ့ပြီး ဆောက်လုပ်ခွင့် တင်ဒါကို တော်ဝင်အောင်မြေ ကုမ္ပဏီက ရခဲ့ပါတယ်။

ဆောက်လုပ်မှု ၅၀ % လောက် ပြီးသွားချိန်ကျမှ ဒီအဆောက်အဦဟာ တိုင်နေရာ မှားစိုက်တာ၊ အရွယ်အစား သေးတဲ့ သံချောင်းတွေ ထည့်သွင်းဆောက်လုပ်တာ၊ အဆောက်အဦ ခံနိုင်ရည်ဝန် မပြည့်မီတာတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင် အလုပ်သမားတွေက သတင်းစာ ရှင်းလင်းပွဲလုပ် ပြောကြားခဲ့ပြီးတဲ့နောက် တိုင်းအစိုးရအဖွဲ့က လာရောက် စစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလကတည်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရပ်ထားခဲ့ရပါတယ်။

ဒီနောက်တော့ ဆောက်လုပ်ဆဲ ၃ ထပ်ဆောင် ဆေးရုံ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး အစိုးရရဲ့ စိစစ်ရေးကော်မတီနဲ့ ပြင်ပပညာရှင် အဖွဲ့တွေက စစ်ဆေးခဲ့ပါတယ်။

ပြင်ပ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိစစ်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုလင်းလင်းက 'ဆေးရုံအဆောက်အဦမှာ ဆောက်လုပ်ရေးပိုင်းနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ ချို့ယွင်းချက် အချက် ၂၀ ထက်မနည်း တွေ့ရတယ်၊ မြေကြီး အရည်အသွေးကို စစ်တဲ့အခါမှာလည်း ဒီအဆောက်အဦရဲ့ ဖောင်ဒေးရှင်း ခံနိုင်ရည်က အရည်အသွေး လုံးဝ မပြည့်မီပါဘူး၊ ဆက်ဆောက်မယ်ဆိုရင် မြေကြီးထဲ ကျွံဝင်သွားလိမ့်မယ်' လို့ ပြောပါတယ်။
သတ်မှတ်အရည်အသွေး မပြည့်မီဘဲ ဆောက်လုပ်ထားတဲ့ ဆေးရုံအဆောက်အဦကို မြင်ရစဉ်
'ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကုမ္ပဏီက စဆောက်ကတည်းက အရည်အသွေး မမီတာ၊ သတ်မှတ် ဒီဇိုင်းအတိုင်း မဆောက်တဲ့ ကိစ္စတွေကို စစ်ဆေးခဲ့တာ ၂ ကြိမ်ရှိပါပြီ၊ ပထမအကြိမ် ဒုတိယအကြိမ် ပြင်ဆင်ဖို့ ကြိုးစားခဲ့တယ်၊ အလုပ် မဖြစ်ခဲ့ပါဘူး၊ ချို့ယွင်းချက်တွေ အများကြီးကိုပဲ တွေ့ခဲ့ရတယ်၊ ကုမ္ပဏီအနေနဲ့ တာဝန်ရှိပါတယ်၊ အစအဆုံး ပြန်ဆောက်ပေးရမှာပါ၊ တကယ်လို့ အဲ့လိုမလုပ်ဘူး ဆိုရင်တော့ စာချုပ်ထဲမှာ ပါတဲ့ စည်းမျဉ်းဥပဒေ အတိုင်း လုပ်ရမှာပါ' လို့ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတုန်းကလည်း ရပ်ထားတဲ့ ညောင်တုန်းဆေးရုံနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီအဆောက်အဦဟာ အရည်အသွေး မမီလို့ ဖြိုဖျက်ရဖွယ်ရှိတယ်လို့ ပြောပါတယ်။

'လူနာတွေ တင်ပြီးမှ ဆေးရုံမှာ လူနာတွေသေတယ်ဆိုရင် ဘယ်လိုမှ ရှင်းမရတဲ့ကိစ္စ ဖြစ်သွားပါလိမ့်မယ်' လို့ ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောခဲ့ပါတယ်။
လုပ်ငန်းခွင် ရပ်နားထားရတဲ့ ဆေးရုံအဆောက်အဦ
ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကတော့ 'ဆေးရုံနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးရဲ့ သုံးသပ်ချက်ကို ပြည်ထောင်စုအစိုးရကို အမြန်ဆုံး တင်ပြသွားမယ်' လို့ ပြောပါတယ်။

ညောင်တုန်း မြို့ခံတွေကတော့ အရည်အသွေး မမီဘဲ ဆောက်လုပ်ခဲ့တဲ့ ဆေးရုံကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်ဖို့ ထောက်ခံလက်မှတ်တွေ စုဆောင်းပြီး တိုင်းအစိုးရ နဲ့ ပြည်ထောင်စုကို တင်ပြသွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ