တရုတ်နဲ့ တိုင်ဝမ် မဖြစ်မနေ ပြန်ပေါင်းစည်းရမယ်လို့ ရှီဂျင်းပင်

တရုတ်နိုင်ငံ ပြန်လည် အားသစ်လောင်းနိုင်ဖို့ တိုင်ဝမ်နဲ့ မလွဲမသွေ ပူးပေါင်းရမယ်လို့ ရှီကျင်းပင်ပြော
တရုတ်နဲ့ မဖြစ်မနေ ပြန်ပူးပေါင်းရေးကို တိုင်ဝမ်ပြည်သူတွေ လက်ခံကြဖို့ တရုတ်သမ္မတ ရှီဂျင်ပင်းက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတနိုင်ငံထဲ စနစ်နှစ်ခု သုံးတဲ့ နည်းကို အခြေခံပြီး ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းဖို့ တရုတ်အစိုးရရဲ့ တောင်းဆိုထားချက်အတိုင်း တရုတ်သမ္မတ ရှီဂျင်ပင်းက တရုတ် တိုင်ဝမ် ဆက်ဆံရေး ပြန်ကောင်းမွန်လာခဲ့တဲ့ နှစ် ၄ဝ မြောက် အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဒါပေမယ့် ဒီလို မလုပ်ဘူး ဆိုရင် တရုတ်အစိုးရမှာ အင်အားသုံးပိုင်ခွင့် ရှိတယ်လို့လည်း သူက သတိပေးသွားပါတယ်။

တိုင်ဝမ်ဟာ တရားဝင်ဝင်၊ မဝင်ဝင် ကိုယ်ပိုင် အုပ်ချုပ်တဲ့ စနစ်နဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် လက်တွေ့မှာ ကျင့်သုံးဆောင်ရွက်နေပေမယ့် တရုတ်အစိုးရကတော့ တိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံအဖြစ် ဘယ်တုန်းကမှ တရားဝင် ထုတ်ဖော် ကြေညာတာမျိုး မရှိခဲ့ပါဘူး။

တိုင်ဝမ်ကို ခွဲထွက်သွားတဲ့ ပြည်နယ်တခုအဖြစ်အနေနဲ့သာ တရုတ်အစိုးရက သတ်မှတ်ထားပြီး သမ္မတ ရှီဂျင်ပင်းရဲ့ အခု ပြောကြားချက်ဟာ ကာလတာရှည် ကတည်းက ချမှတ်ထားတဲ့ တရုတ် တိုင်ဝမ် ပြန်လည်ပေါင်းစည်းရေး တရုတ်အစိုးရရဲ့ မူဝါဒနဲ့ တထပ်တည်း ကျနေပါတယ်။

နှစ်နိုင်ငံစလုံးဟာ တရုတ် မိသားစု တခုတည်းက ဆင်းသက်လာသူတွေ ဖြစ်ပြီး တိုင်ဝမ်ကို လွတ်လပ်ရေး ပေးလိုက်ခြင်းအားဖြင့် ရာဇဝင် သမိုင်းကြောင်းကို အဆုံးသတ် ထိခိုက်သွားစေနိုင်တယ်လို့ သမ္မတ ရှီဂျင်ပင်းက ပြောပါတယ်။

လွတ်လပ်ရေး ယူခြင်းအားဖြင့် ခက်ခဲ ဆင်းရဲမှုတွေ ကိုပဲ ကြုံတွေ့ရမယ် ဆိုတာကို တိုင်ဝမ်ပြည်သူတွေ သဘောပေါက်ထားသင့်တယ်လို့ သူက ဆိုပါတယ်။

တိုင်ဝမ် လွတ်လပ်ရေး ကို အားပေးအားမြှောက် လုပ်တဲ့ ဘယ်လို လှုပ်ရှားမှုမျိုးကိုမဆို တရုတ်အစိုးရအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့လည်း ဖြည့်စွက်ပြောသွားခဲ့ပါတယ်။

တိုင်ဝမ် ပြည်သူ အများစုကတော့ တိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံအဖြစ် လိုလား တောင်းဆိုနေကြ
သမ္မတ ရှီဂျင်ပင်းရဲ့ မိန့်ခွန်း မတိုင်ခင် တရက်မှာပဲ တိုင်ဝမ် သမ္မတ ဆိုင် ယင်ဝမ်း က တရုတ်အစိုးရအနေနဲ့ တိုင်ဝမ်ရဲ့ ရပ်တည်မှုကို လက်ခံသင့်ပြီး သဘောကွဲလွဲမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်း သင့်တယ်လို့ ပြောခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက တိုင်ဝမ် ဒေသန္တရ ရွေးကောက်ပွဲတွေမှာ မစ္စ ဆိုင်ယင်ဝမ်းရဲ့ နိုင်ငံရေး ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး ဒါဟာ သူ့ရဲ့ ခွဲထွက်ရေး ရပ်တည်ချက်အပေါ် အထိနာမှုကြီး တရပ် ဖြစ်တယ်လို့ တရုတ်က ရှုမြင်ခဲ့ပါတယ်။

၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ် တပ်ဖွဲ့တွေရဲ့ ဖြုတ်ချခံခဲ့ရတဲ့ တရုတ်အမျိုးသားရေး ဝါဒီ အစိုးရ ဟာ တရုတ်ပြည်မကြီးကနေ တိုင်ဝမ်ကို ထွက်ပြေးလာခဲ့ပါတယ်။ အဲဒီ အချိန်က စလို့ တိုင်ဝမ်ဟာ ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတာ ဖြစ်ပြီး လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် လက်တွေ့ ကျင့်သုံးလာခဲ့တာပါ။

ဒါပေမယ့် တရုတ် အစိုးရကတော့ တိုင်ဝမ်ကို နိုင်ငံတခု အဖြစ် မသတ်မှတ်ဘဲ ပြည်မကြီးကနေ ခွဲထွက်ဖို့ ကြိုးစားတဲ့ ပြည်နယ် တခု အနေနဲ့သာ သတ်မှတ်ထားပြီး တနေ့မှာ ပြည်မကြီးနဲ့ ပြန်လည် ပေါင်းစည်းမယ်လို့ ပြောနေတာပါ။
တိုင်ဝမ်ဟာ တရုတ်ပြည်မကြီးကနေ ခွဲထွက်တဲ့ ပြည်နယ်တခုသာ ဖြစ်တယ်လို့ တရုတ်အစိုးရက အခိုင်အမာပြောနေ
တိုင်ဝမ်ဟာ တရုတ်လက်အောက်ခံ ဖြစ်တယ်ဆိုတာကို တရုတ်အစိုးရက လတ်တလော နှစ်ပိုင်းတွေအတွင်း အခိုင်အမာ ပိုပြောလာခဲ့ပြီး တိုင်ဝမ်ရဲ့ လွတ်လပ်ရေး တောင်းဆိုမှုဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုအပေါ် အရေးပါတဲ့ မေးခွန်းထုတ်မှုကြီး တခု ဖြစ်တယ်လို့ ပြောနေပါတယ်။

ဥပမာအားဖြင့် တခြား တိုင်းပြည်တွေအနေနဲ့ တရုတ် ဒါမှမဟုတ် တိုင်ဝမ် တခုခုကို ရွေးပြီး သံတမန် ဆက်ဆံရေး ထားရှိနိုင်ပေမယ့် နှစ်ခုစလုံးနဲ့တော့ ထားလို့ မရဘူးလို့ တရုတ်က အခိုင်အမာ ပြောထားပါတယ်။

လောလောဆယ်မှာ တိုင်ဝမ်နဲ့ မဟာမိတ် ဖွဲ့ထားတဲ့ နိုင်ငံ အနည်းအပါးထဲက နိုင်ငံတွေ တခုပြီးတခု တိုင်ဝမ်နဲ့ သံတမန် အဆက်အသွယ် ဖြတ်ပြီး တရုတ်နဲ့ ဆက်ဆံရေး တည်ထောင်လာတာ တွေ့ရပါတယ်။

မနှစ်တုန်းက နိုင်ငံခြား လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်တွေကို သူတို့ရဲ့ ဝက်ဆိုက်တွေမှာ တိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ တစိတ်တဒေသအဖြစ် သတ်မှတ်ပေးဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
တရုတ်နဲ့ တိုင်ဝမ် မဖြစ်မနေ ပြန်ပေါင်းစည်းရမယ်လို့ ရှီဂျင်းပင် တရုတ်နဲ့ တိုင်ဝမ် မဖြစ်မနေ ပြန်ပေါင်းစည်းရမယ်လို့ ရှီဂျင်းပင် Reviewed by THITHTOOLWIN on 00:19 Rating: 5
Powered by Blogger.