သလူချောင်းကျေးရွာအနီး လက်နက်ကြီးများကျရောက်ပေါက်ကွဲဟုဆို


နိရဉ္စရာ၊ ဇန်န၀ါရီ ၇

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအနီးတွင် ယမန်နေ့ ညဥ့်အချိန်က လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကျေးရွာနေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

၎င်းအမျိုးသမီးက “ ညဥ့် ၁၁ နာရီ ၃၅ မိနစ်မှ က စပြီး ၁၂ နာရီခွဲထိ ကျောက်တော် ကန်စောက်နားမှာရှိတဲ့ အမြောက်တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ပါတယ်။ ကျွန်မတို့ရွာက ထင်းခွေတဲ့ နေရာ၊ လူတွေ နွားကျောင်းတဲ့ နေရာ၊ ကိုင်းနေရာတွေမှာ ကျရောက်ပေါက်ကွဲပါတယ်။ ညဥ့်ဆိုတော့ ရွာသားတွေ အကုန်လုံးနိုးပြီး ကြောက်ပြီး အိမ်အောက်က ဗုံးကျင်းထဲမှာ ခိုလုံနေခဲ့ကြရပါတယ်” ဟု ပြောသည်။

လက်နက်ကြီး ၈ ချက်တိတိ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရွာတွင် မကျကြောင်း၊ သလူချောင်းရွာ အနောက်ဘက် တောင်တန်းများတွင် ကျကြောင်း၊ ရွာသားများ ထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း သူမက ပြောကြားသည်။

“ ဘာဖြစ်လို့ ပစ်တယ်ဆိုတာ ကျွန်မတို့ မသိဘူး။ အမြောက်တပ်ရင်းက တောင်ကုန်းတွေကနေ ခြောက်လှန့် ပစ်တာလို့ သိရပါတယ်။ ကျတဲ့ နေရာတွေကရွာနဲ့လည်း သိပ်မဝေးပါဘူး” ဟု ပြောကြားသည်။

လက်ရှိ အချိန်တွင် အခြေအနေမှာ တည်ငြိမ်နေပြီး လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သော်လည်း ရွာသားများ ရွာကို စွန့်ခွာထွက်ပြေးခြင်း မရှိကြောင်း သူမက ပြောကြားသည်။

လူမှုရေး ဆောင်ရွက်နေသူ ကျောက်တော်ဒေသခံ လူထုဇော်ဝင်းကလည်း ယမန့်နေ့ ညဥ့် ၁၂ နာရီခန့်က လက်နက်ကြီးသံများကို အနီးအနားရှိ အပေါက်ဝကျေးရွာကသာမက ကျောက်တော်မြို့ပြင်ကပါ ကြားခဲ့ရသည်ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စဖြင့် အနောက်ပိုင်းတိုင်း (နပခ) ၏ ပြောခွင့်ရသူသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

Narinjara
https://www.facebook.com/Narinjara
သလူချောင်းကျေးရွာအနီး လက်နက်ကြီးများကျရောက်ပေါက်ကွဲဟုဆို သလူချောင်းကျေးရွာအနီး လက်နက်ကြီးများကျရောက်ပေါက်ကွဲဟုဆို Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.