သမီးလှရွာသစ် အိမ် ၆၄ ဆောင်မှ ရွှေထည်များနှင့်ပစ္စည်းများ ပျောက်ဆုံးမှုများရှိဟု ရွာသားများပြောဆို


နိရဉ္စရာ၊ ဇန်န၀ါရီ ၂၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ဒေသခံများ အခေါ် သမီးလှရွာသစ်၊ အစိုးရအခေါ် ရက်ခုန်းတိုင်ရွာသစ် အနီးတွင် ယမန်နေ့ နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က နေအိမ်များကို တက်ရောက်ရှာဖွေပြီးနောက် လက်ဝတ်ရတနာ ရွှေထည်များ၊ အ၀တ်အထည်များနှင့် ပိုက်ဆံများ ပျောက်ဆုံးမှုများရှိကြောင်း ရွာသားများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ကျပ်ငွေ ၂၇ သိန်းနှင့် ပုဆိုး ၃ ထည်ပျောက်ဆုံးသွားခဲ့သည့် ဦးမောင်သိန်းနုက “ ကျွန်တော်မှာ ငွေ ၂၇ သိန်း ပါသွားပါတယ်။ အဲဒီပိုက်ဆံကို ခါးပတ်အိတ်ထဲ ထည့်ပြီး သေတ္တာထဲမှာ ထားတာပါ။ သေတ္တာကို ချိုးဖျက်ပြီး ယူသွားပါတယ်။ ပုဆိုးထည် ၃ ထည်လည်း ပါသွားပါတယ်။ ညနေ ၇ နာရီ အိမ်ကို ပြန်ရောက်တော့ မရှိတော့ပါ။ ကျွန်တော်တို့ ရွာသားတွေအားလုံးကို စာသင်ကျောင်းမှာ စုထားပြီး စစ်တပ် အိမ်တွေကို တစ်အိမ်တက်ဆင်းရှာဖွေပါတယ်။ အိမ်ကို ပြန်ရောက်တဲ့အခါ သေတ္တာကို ပွင့်နေပြီး ပိုက်ဆံတွေကို မတွေ့ရတော့ပါဘူး” ဟု ပြောသည်။


နောက်ရွာသား တစ်ဦးဖြစ်သူ ဦးအောင်စောလှကလည်း “ ကျွန်တော်အိမ်ကို ပြတင်းကို ဖွင့်ပြီး ၀င်တယ်။ သေတ္တာတွေ၊ဘာတွေကို ရှာဖွေရေး လုပ်ပါတယ်။ အိပ်ရာအောက်က ငွေကျပ် ရှစ်သောင်းပါသွားတယ်။ လက်စွပ်တစ်ကွင်း ပါသွားတယ်။ ငွေသား ဒင်္ဂါး တစ်ကျပ် ပါသွားတယ်။ တစ်ခြား လူတွေမှာ အများကြီး ပါသွားပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ကျွန်တော်တို့သွားလို့ မရပါ။ ရွာမှာရှိတဲ့ ရဲတွေကိုတော့ တိုင်ပါတယ်။ သူတို့ သိပါတယ်။ ရဲတွေလည်း ရွာထဲမှာ ရှိပါတယ်။ သူတို့ကတော့ ကျွန်တော်တို့ ဘာမှ မသိဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

၎င်းကျေးရွာမှ ဦးသန်းမောင်ထွန်း (၄၅) နှစ် (ဘ) ဦးထွန်းလှစိန်တွင်လည်း ရွှေ ၆ ကျပ် ပျောက်ဆုံး နေသည်ဟု ပြောကြားသည်။

“ ကျွန်တော်မှာတော့ ရွှေ ၆ ကျပ်ပါသွားပါတယ်။ စစ်သားတွေ ၀င်လာတော့ ဆင်းဆင်း ဆိုတော့ ယူဖို့ မရဘဲ အိမ်မှာထားခဲ့ရပါတယ်။ အလယ်ခန်းထဲက သေတ္တာထဲမှာ ထားခဲ့တာပါ။ သေတ္တာရဲ့ သော့ခလောက်ကို ကန့်လန့်ဖျက်ပြီး ဖွင့်သွားပါတယ်။ သေတ္တာကို ဖြိုဖျက်ပစ်ခဲ့ပါတယ်။ ရွှေ ၆ ကျပ်က ပုတီး ၂ ပင်၊ လက်ကောက် ၁၀ ကွင်း၊ နားဋောင်းတစ်ဘက်၊ လက်စွပ် တစ်ကွင်း၊ ပိုက်ဆံ ၂ သိန်းပါသွားပါတယ်။ ဖုန်း ၃ လုံးပါသွားပါတယ်” ဟု ပြောသည်။

သမီးလှရွာသစ် (ခ) ရက်ခုန်းတိုင်ရွာသစ်သို့ ယနေ့ နေ့လယ်က ရောက်ရှိနေသည့် ရသေ့တောင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “ စာရင်းရတာက ၆၄ အိမ်စာရင်းရပါတယ်။ စာရင်း လုပ်ထား ပါတယ်။ ရွှေပါတဲ့သူတဲ့သူ ပါသွားတယ်။ ပိုက်ဆံပါတဲ့သူ ပါသွားတယ်။ တစ်ယောက်ဆိုရင် ငွေ ၂၇ သိန်းပါသွားတယ်။ တစ်ယောက်မှာ ဆိုရင် ရွှေ ၆ ကျပ်ပါသွားတယ်။ ဒီကိစ္စကို တပ်မတော် အကြီးအကဲ တွေကို တိုင်ကြားသွားပါမယ်။ ခုလို လုပ်ရပ်ဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ပါ။ ဒီလို လုပ်ရပ်တွေကို တပ်မတော်အကြီးအကဲတွေ သိအောင် တင်ပြသွားပါမယ်” ဟု ပြောကြားသည်။

ဦးဦးသန်းနိုင် သမီးလှရွာသစ် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ခိုက် ၎င်းရှေ့တွင် တပ်က သိမ်းဆည်းထားသော ဖုန်း ၁၉ လုံးကို စစ်တပ်က ရွာသာများသို့ ပြန်လည် လွဲပေးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ယမန်နေ့ နံနက်က တိုက်ပွဲသည် တပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား သမီးလှရွာသစ် အနောက်ဘက် တံတားအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်မှာ အိမ်ခြေ (၈၄) ဆောင်ရှိသည့် သမီးလှရွာသစ်အား မွေနှောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ရွာသားများ အပြောအရ သိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ် မေးမြန်းရာ သူက “ ကျွန်တော်သိသလောက် တိုက်ပွဲက မနေ့မနက်က ၉ နာရီ ၄၀ မိနစ်လောက် ဖြစ်တယ်။ သမီးလှ ရွာက စစ်ကြောင်း ဖြတ်တဲ့အခါ ရွာထဲက ရီမုဒ်မိုင်းနဲ့ တိုက်ခိုက်တယ်။ အဲဒီနောက် ရွာထဲကို ၀င်ရှင်းတယ်။ ရှင်းတဲ့ အခါ တပ်က ၀င်မရှင်းဘူး။ နယ်ခြားစောင့်တပ်က အဖွဲ့တစ်ဖွဲ့ ရွာထဲကို ၀င်ရှင်းတယ်။ နယ်ခြားစောင့်ရဲလည်း လုံခြုံရေး စစ်ဆေးတာတို့ လိုအပ်တဲ့ လူတွေကို ခေါ်ယူ စစ်ဆေးမေးမြန်းတာတို့၊ လုံခြုံရေး ဆောင်ရွက်တာတို့ ရှိတယ်လို့ သိရတယ်။ ပစ္စည်းတွေဘာတွေ ယူသွားတာမရှိဘူးလို့ သိရတယ်” ဟု ပြောကြားသည်။

၎င်းပြင် ပစ္စည်းများအား ယူဆောင်ခြင်းခံရ၍ တိုင်ကြားလာပါကလည်း တပ်မတော်အနေဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
သမီးလှရွာသစ် အိမ် ၆၄ ဆောင်မှ ရွှေထည်များနှင့်ပစ္စည်းများ ပျောက်ဆုံးမှုများရှိဟု ရွာသားများပြောဆို သမီးလှရွာသစ် အိမ် ၆၄ ဆောင်မှ ရွှေထည်များနှင့်ပစ္စည်းများ ပျောက်ဆုံးမှုများရှိဟု ရွာသားများပြောဆို Reviewed by THITHTOOLWIN on 13:02 Rating: 5
Powered by Blogger.