ရသေ့တောင်မြို့နယ် သမီးလှနှင့်အိုးဖောက်ကျေးရွာအကြားတိုက်ပွဲဖြစ်ပွား


နိရဉ္စရာ၊ ဇန်န၀ါရီ ၂၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ဘက် အိုးဖောက်ကျေးရွာနှင့် သမီးလှ ကျေးရွာအကြား ယနေ့နံနက် ၉ နာရီမှ စတင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ စစ်ဖြစ်တာက မနက် ၉ နာရီကနေ ဖြစ်တာပါ။ လက်နက်ကြီးထုတာ အချက် ၂၀ လောက်ကြားရတယ်။ အခုထိတော့ လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ်နေပါတယ်” ဟု အိုးဖောက်ကျေးရွာ ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်က နိရဉ္စရာသို့ ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေသော နေရာမှ အာဂါတောင်ကြားမှာ ဖြစ်ပွားကြောင်း၊ သမီးလှထွက်ဝ အိုးဖောက်မူဆလင်ရွာနှင့် သမီးလှကျေးရွာအကြားတွင်ဖြစ်ကြောင်း၊ အိုးဖောက်ရွာမှ ခြေဖြင့်သွားလျှင် မိနစ် ၃၀ ခန့် အကွာအဝေးဟု ခန့်မှန်းရကြောင်း၊ တောင်နှင့် လယ်ကွင်းအစပ် နေရာများတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ၎င်းဒေသခံက ပြောကြားသည်။

“တိုက်ပွဲ ဖြစ်တာက နီးနီးကလေးဆိုတော့ လက်နက်ကြီး လက်နက်ငယ်သံတွေကို မျိုးစုံကြားရတယ်။ ကျွန်တော်တို့ရွာသားတွေကတော့ ဘုန်းကြီးကျောင်းမှာ ခိုလုံနေကြသလို တစ်ချို့လည်း စာသင်ကျောင်းမှာခိုလုံနေကြပါတယ်။ ကြောက်လန့်တော့ လူတွေ အကုန်လုံး စိုးရိမ်နေကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ၎င်းဒေသတွင် တိုက်ပွဲမဖြစ်ဘဲ ၅ ရက်ခန့် ရှိနေပြီးနောက် ယနေ့တွင် ရသေ့တောင်မြို့နယ် အတွင်းပိုင်းတွင် ထပ်မံ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206
ရသေ့တောင်မြို့နယ် သမီးလှနှင့်အိုးဖောက်ကျေးရွာအကြားတိုက်ပွဲဖြစ်ပွား ရသေ့တောင်မြို့နယ် သမီးလှနှင့်အိုးဖောက်ကျေးရွာအကြားတိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.