ငွေစက္ကူအတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသော နော်သောသွဲ့ထူးကို ဒိုက်ဦးတရားရုံးက အာမခံပေး၍ ပြန်လွှတ်


ပဲခူး၊ ဇန်နဝါ ၃။

တစ်သောင်းတန်ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့  ဖမ်းဆီးခံထားရတဲ့ နော်သောသွဲ့ထူးကို ဒိုက်ဦးမြို့နယ်တရားရုံးက ဇန်န၀ါရီလ ၃ ရက်နေ့ နံနက်ပိုင်းမှာ အာမခံပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အမှုရင်ဆိုင်နေရသော နော်သောသွဲ့ထူးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် စင်ကာပူမှ ပြန်ရောက်ပြီးနောက် ဒိုက်ဦးမြို့ပေါ်ရှိ သစ်ဆန်းထွန်းကုန်စုံဆိုင်၌ ဆန်သုံးအိတ်၊ ဖွဲနှစ်အိတ် ဝယ်ယူခဲ့ပြီး ဒီဇင်ဘာ ၄ ရက်၌ Hello ဖုန်းဆိုင်သို့ ရောက်သောအခါ ပေးချေမည့်ငွေမှာ အတုဖြစ်နေကြောင်း ဖုန်းဆိုင်က ပြောပြသဖြင့် ကျေးရွာလူကြီးများထံ အကူအညီ တောင်းခံခဲ့သည်။


ထို့နောက် ဒီဇင်ဘာ ၆ နံနက်ပိုင်းတွင် ဘဏ်သို့သွားကြစဉ် ဆန်ရောင်းခဲ့ဖူးသည့် သစ်ဆန်းထွန်းကုန်စုံဆိုင်က နော်သောသွဲ့ထူးတို့သားအမိကို ခေတ္တခေါ်ထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားခဲ့ရာ နော်သောသွဲ့ထူးနှင့် ၎င်း၏မိခင်ကို ရုံးသို့ခေါ်ယူ၍ ငွေစက္ကူများဖြန့်ပြီး ဓာတ်ပုံမှတ်တမ်းများရိုက်ယူပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နော်သောသွဲ့ထူး၏မိခင်က ပြောသည်။

အထက်ပါဖြစ်စဉ်ကြောင့် နော်သောသွဲ့ထူးကို ဒိုက်ဦးမြို့မရဲစခန်းက တစ်သောင်းတန်ငွေစက္ကူတု ၁၅၄ ရွက်လက်ဝယ်ကိုင်ဆောင်မှုဖြင့် (ပ)၁၄၂၀/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့အရ အမှုရေးဖွင့်ကာ ဖမ်းဆီးခဲ့သည်။

ယနေ့ရုံးချိန်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးကလည်း သွားရောက်တွေ့ဆုံအားပေးခဲ့ပြီး ဝန်ကြီးနော်ပွယ်စေးသည် အချုပ်ကျနေစဉ်အတွင်း ၌လည်း သွားရောက်တွေ့ဆုံခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ- သန်းဝင်းနိုင်
BagoWeeklyJournal
https://www.facebook.com/bagoweeklyjournal1212/
ငွေစက္ကူအတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသော နော်သောသွဲ့ထူးကို ဒိုက်ဦးတရားရုံးက အာမခံပေး၍ ပြန်လွှတ် ငွေစက္ကူအတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသော နော်သောသွဲ့ထူးကို ဒိုက်ဦးတရားရုံးက အာမခံပေး၍ ပြန်လွှတ် Reviewed by THITHTOOLWIN on 07:47 Rating: 5
Powered by Blogger.