သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် ၁၅ ဦးကို တပ်မတော် ဖမ်းဆီး

အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ် / Photo: RFA
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၅ ဦးကို တပ်မတော်က မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၁၅ ဦးကို တပ်မတော်ရဲ့ ညွှန်ကြားချက်နဲ့ ဘူးသီးတောင်မြို့က အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ ထိန်းသိမ်းထားပြီး ဘာအတွက်ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကို မသိရှိရသေးကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် သရက်ပြင် ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလိုင်နဲ့ မောင်ကျော်ဝင်း၊ ပြင်ချောင်းကျေးရွာက ၇ ဦး၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက ၂ ဦး၊ နေပူခံကျေးရွာက တစ်ဦးနဲ့ လမ်းသွားလမ်းလာ ၃ ဦး အပါအ၀င် ၁၅ ဦးကို ဖမ်းဆီးထားတာလို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေထဲက ပြင်ချောင်းရွာက လူငယ် ၇ ဦးဟာ ကြာညိုပြင် ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးပစ္စည်းတွေ ကူညီချပေးနေစဉ် ဖမ်းဆီးခံရသလို၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာသားနှစ်ဦးနဲ့ နေပူခံရွာသားတစ်ဦးဟာ နယ်မြေရဲစခန်းမှာ အကြောင်းကြားပြီး လှေနဲ့ စပါးအဝယ်လာစဉ်မှာ အဖမ်းခံရတာလို့ သိရပါတယ်။

အဲဒီ ၁၅ ဦးကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ကြာညိုပြင်ဆရာတော်နဲ့အတူ အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှာ သွားရောက်မေးမြန်းတဲ့အခါ ဖမ်းခံထားရသူတွေနဲ့ တွေ့ခွင့်မပေးဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီး ဘူးသီးတောင် နဲ့ ရသေ့တောင်မြို့နယ်တွေမှာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ထားတာ ၁၈ ဦးရှိပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် ၁၅ ဦးကို တပ်မတော် ဖမ်းဆီး သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် ၁၅ ဦးကို တပ်မတော် ဖမ်းဆီး Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.