![]() |
ဒေါ်နန္ဒမာလာကို ရုံးထုတ်စစ်ဆေးစဉ် |
လှိုင်မြို့နယ်တရားရုံးမှာ ဒေါ်နန္ဒမာလာကို ရွှေကိန္နရီခရီးသွားလုပ်ငန်းပိုင်ရှင် ဦးနေမျိုးနိုင်က ငွေကြေးလိမ်လည်မှုပုဒ် ၄၂၀ နဲ့ ဦးတိုက်လျှောက် တိုင်ကြားထားတာဖြစ်ပြီး ရုံးထုတ်စစ်ဆေးရာမှာတော့ အမှုအတွက် ချုပ်ရမန်ပဲ ယူခဲ့ပြီး အင်းစိန်အကျဉ်းထောင်ကို တခါတည်း ပို့ဆောင်လိုက်ပါတယ်။
' စွဲထားတဲ့ ပုဒ်မအတွက် အာမခံလျှောက်ထားမှုကို တရားရုံးက လက်မခံခဲ့ပါဘူး၊ အကြောင်းကတော့ ဒေါ်နန္ဒမာလာဟာ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်လို့ သူ့ကို မဖမ်းမိခင်မှာ တရားရုံးချိန်းပုံမှန်လုပ်နေရပြီး အဲ့ဒီပုံမှန် တရားရုံးချိန်းလုပ်မယ့် ၁၅ ရက်နေ့ကျမှ စွဲထားတဲ့ ပုဒ်မအတွက် အာမခံပေး၊ မပေးဆုံးဖြတ်မှာဖြစ်တယ်' လို့ လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
တခါ မင်္ဂလာဒုံမြို့နယ်တရားရုံးမှာလည်း ဒေါ်နန္ဒမာလာကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ တိုင်ကြားတဲ့အမှုကို ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး ချုပ်ရမန်ပဲ ယူခဲ့တယ်လို့ ဒေါ်နန္ဒမာလာကို ငွေကြေးလိမ်လည်မှုနဲ့ တရားလိုလုပ် တရားစွဲဆိုထားတဲ့ ဒေါ်သန္တာဦးက ပြောပါတယ်။
![]() |
ဒေါ်နန္ဒမာလာကို ရုံးထုတ်ခဲ့တဲ့ လှိုင်မြို့နယ်တရားရုံး |
လူဝတ်လဲခဲ့ပြီးတဲ့နောက် သူ့ကို မန္တလေး မဟာအောင်မြေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုအတွက် အာမခံပေးခဲ့ပါတယ်။
ဒေါ်နန္ဒမာလာဟာ မန္တလေးမှာလည်း ငွေကျပ်သိန်းထောင်နဲ့ချီပြီး လိမ်လည်ခဲ့တယ်ဆိုပြီး တိုင်ကြားခံထားရတာပါ။
အလိမ်ခံရသူတွေထဲပါတဲ့ ရွှေကိန္နရီခရီးသွားလုပ်ငန်းပိုင်ရှင် ဦးနေမျိုးနိုင်က ' ဒေါ်နန္ဒမာလာက အကြားအမြင်ရတယ်ဆိုပြီး လူပြောများတော့ စီးပွားရေးလုပ်ငန်းအတွက် သွားမေးတာ၊ သူက စစ်တပ် ဦးပိုင်ကုမ္ပဏီလူကြီးတွေနဲ့ ပိုင်တယ်၊ စက်သုံးဆီ လူကြီးတွေနဲ့ ပိုင်တယ်ဆိုပြီး မိတ်ဆက်ပေးတယ်၊ နောက်တော့ ရင်းနှီးမြုပ်နှံဖို့ ပြောတယ်၊ ထည့်ဝင်ငွေရဲ့ ၃ ဆ ကို ၄၅ ရက်အတွင်း ပေးမယ် ပြောတယ်၊ ဒါပေမယ့် တပြားတချပ်မှ ပြန်မရတော့ဘူး၊ သိန်း ၂ ထောင်ကျော်ဖိုးလောက် အလိမ်ခံခဲ့ရတယ်' လို့ ပြောပါတယ်။
![]() |
ယောဂီဝတ် ဒေါ်နန္ဒမာလာ |
'နိုင်ငံရေးကိစ္စတွေကြောင့် အဖမ်းခံရတာဖြစ်ပြီး သူ ဘာအမှားမှ မလုပ်ခဲ့ဘူး' ဆိုပြီးတော့လည်း တရားရုံးထုတ်တွေမှာ ဒေါ်နန္ဒမာလာ ပြောခဲ့ပါတယ်။
ဦးနေမျိုးနိုင်ကတော့ 'ကျွန်တော်တို့ ညံ့လို့ ခံရတာပါ၊ နောက်လူတွေ ဒီလိုမကြုံရဖို့ လုပ်ဆောင်နေတာပါ။ သူလိမ်လည်တာကို ဥပဒေအရ အရေးယူဖို့ လိုပါတယ်' လို့ ပြောပါတယ်။
ဓာတ်ရိုက်ဓာတ်ဆင်တော်ပြီး အကြားအမြင်ရမယ်တော်ကြီးဆိုပြီး နာမည်ကြီးတဲ့ ဒေါ်နန္ဒမာလာကို ရဲတပ်ဖွဲ့က စစ်ဆေးနေတာနဲ့ ပတ်သတ်လို့ မင်္ဂလာဒုံမြို့နယ်ရဲစခန်း ဒုရဲမှူးလှသိန်းက သူတို့အနေနဲ့ လောလောဆယ်မှာ စစ်ဆေးတွေ့ရှိချက်တွေကို မပြောနိုင်သေးဘူးလို့ ဖြေပါတယ်။
လတ်တလောမှာလည်း မင်္ဂလာဒုံ နဲ့ လှိုင်မြို့နယ်ရဲစခန်းတွေမှာ ဒေါ်နန္ဒမာလာကို လိမ်လည်မှုနဲ့ အမှုဖွင့်လိုသူ ၅ ဦးထက်မနည်းရှိနေပြီး အမှုအတွက် ထိထိရောက်ရောက်အရေးယူပေးပါဆိုပြီးတော့ ပြောဆိုနေကြပါတယ်။
BBC Burmese
https://www.bbc.com/burmese
လိမ်လည်မှုတွေနဲ့ အဖမ်းခံထားရတဲ့ ဒေါ်နန္ဒမာလာကို လှိုင် နဲ့ မင်္ဂလာဒုံတရားရုံးမှာ ရုံးထုတ်စစ်ဆေး
Reviewed by THITHTOOLWIN
on
21:40
Rating:
