အစိုးရနဲ့ စစ်ဖက်အကြီးအကဲများ ရခိုင်လုံခြုံရေးဆွေးနွေး


ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှု ခံရပြီးတဲ့နောက်၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေအပါအ၀င် နိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအကြီးအကဲတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် စစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို နှိမ်နင်းစစ်ဆင်ဖို့ နိုင်ငံတော်သမ္မတရုံးကနေ စစ်ဖက်ကို ညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

နိုင်ငံတကာက အာရုံစိုက်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေကို AA လက်နက်ကိုင်အဖွဲ့က ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့နောက် ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်လို့ အတော်လေး မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ စစ်ဆင်ရေးတွေ ရှိနေတဲ့ကြားမှာပဲ အခုလို လုံခြုံရေးရဲကင်းစခန်းတွေ တိုက်ခိုက်ခံရ တာဟာ ထောက်လှမ်းရေး အားနည်းချက် လုံခြုံရေး အားနည်းချက်တွေကြောင့် ဖြစ်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ရခိုင်ပြည်နယ် အခြေအနေအပါအ၀င် ပြည်တွင်းလုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ သမ္မတအပါအ၀င် အစိုးရအကြီးအကဲတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ဒီကနေ့ အစည်းအဝေးလုပ်ခဲ့ပါတယ်။ အပြုသဘောဆောင်ဆွေးနွေးခဲ့ကြပြီး၊ သုံးသပ် ပြင်ဆင်တွေလည်း လုပ်ခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက နေပြည်တော်မှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ရခိုင်ကိစ္စတခုထဲ ဆွေးနွေးတာမဟုတ်ပါဘူး။ နံပါတ် ၁နိုင်ငံတကာရေးရာကိစ္စတွေဆွေးနွေးတယ်။ နံပါတ် ၂ ပြည် တွင်းလုံခြုံရေးကိစ္စတွေ ဆွေးနွေးတယ်၊ နံပါတ် ၃ တပ်မတော်ဘက်က ဒီဇင်ဘာ ၂၁ နောက်ပိုင်းမှာ တဖက်သတ်ပြစ်ခတ်တာရပ်ဖို့ကြေငြာတယ် ကြေငြာပြီးနောက် ပြည်နယ်တွေမှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ နောက်ဆုံးအချက်ကတော့ လက်ရှိ ရခိုင်နောက်ဆုံးဖြစ်စဉ်၊ ဒီဖြစ်စဉ် အပြင် ARSA အကြမ်းဖက်တိုက်ခိုက်နိုင်မှုအလားအလာတွေလဲပါပါတယ်။ အားလုံးပေါင်း Issue ၅ခုဆွေးနွေးပါတယ်။ အပြုသဘောဆောင်ဆွေးနွေးတယ်။ ဖြစ်တဲ့ အပေါ် ပြန်သုံးသပ်ပြီးဒီထပ်ပိုကောင်းအောင်ဘယ်လိုလုပ်မလဲဆွေးနွေးပါတယ်”

အစည်းအဝေးကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတတွေ၊ လွှတ်တော်ဥက္ကဌတွေ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ တို့အပြင် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တို့ တက်ရောက်ကြပါတယ်။ ဖွဲ့စည်းပုံအရ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အခြေအနေတွေပေါ်လာရင် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) ခေါ်ယူဖို့ဆိုတာ ပါဝင်ပေမယ့်၊ NLD အစိုးရလက်ထက်မှာတော့ လုံခြုံရေးကိစ္စတွေ ကြုံလာတိုင်း ကာလုံ အမည်နဲ့ ခေါ်ယူတာမျိုးမဟုတ်ပဲ အစိုးရအကြီးအကဲပါဝင်မှုအရည်အတွက်တိုးပြီး အမျိုးသားလုံခြုံရေးဆိုင်ရာအစည်းအဝေးခေါင်းစဉ်တပ် ခေါ်ယူလေ့ရှိပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို စစ်ဆင်နှိမ်နင်းဖို့ သမ္မတရုံးကလည်း မြန်မာစစ်ဖက်ကို ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။

“ဟိုဘက်မှာ အေအေ လက်နက်ကိုင်အဖွဲ့လို့ ကျနော်တို့ ဆွေးနွေးတယ်။ ဒီဘက်မှာ ကျနော်တို့ ထုတ်တာက အေအေ သောင်းကျန်းသူအဖွဲ့ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ တပ်မတော်ကို ညွှန်ကြားထားတာက သောင်းကျန်းသူနှိမ်နှင်းရေးစစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ ကျနော်တို့ သမ္မတရုံးအနေနဲ့ ညွန်ကြားထားပြီးဖြစ်ပါတယ်လို့ အဲဒါလေးပြောချင်တယ်။”

ဇန်န၀ါရီ ၄ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ခထီးလှရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

လတ်တလောအခြေအနေတွေနဲ့ပတ်သတ်လို့ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေကို ထောက်ခံအားပေးပေမဲ့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေကိုတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချတဲ့အကြောင်း ဒီကနေ့ တရုတ်နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ပြောပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့နဲ့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ပြေလည်အောင် ဖြေရှင်းကြဖို့၊ ဒါမှသာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက် အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ် ဆိုပြီး ဒီကနေ့ ဘေဂျင်းမြို့တော်က တရုတ်နိုင်ငံခြားရေးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ Lu Kang က ပြောဆိုထားပါတယ်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အစိုးရနဲ့ စစ်ဖက်အကြီးအကဲများ ရခိုင်လုံခြုံရေးဆွေးနွေး အစိုးရနဲ့ စစ်ဖက်အကြီးအကဲများ ရခိုင်လုံခြုံရေးဆွေးနွေး Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.