ဘူးသီးတောင်မြို့နယ် ကံပြင်ရွာ ဘုန်းတော်ကြီးကျောင်းထဲ လက်နက်ကြီးကျည်ကျရာမှ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး

(ဓာတ်ပုံ-ဒီဇင်ဘာ ၁၁ ရက်နေ့က ပထမအကြိမ် ထွက်ပြေးလာကြသည့် ကံပြင်ရွာသားများ)
နိရဉ္စရာ၊ ဇန်န၀ါရီ ၁

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဘူးသီးတောင်မြို့နယ်တွင် ယနေ့ နံနက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ လက်နက်ကြီး ကျည်ဆံများ ကံပြင်ရွာ ဘုန်းတော်ကြီးကျောင်းထဲ ကျရောက် ပေါက်ကွဲရာမှ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု သတင်းရရှိသည်။

ကျေးရွာသား တစ်ဦးက “ ကံပြင်နဲ့ စည်တောင်ကြားမှာ ဒီကနေ့နံနက် ၉ နာရီခွဲက တိုက်ပွဲ ဖြစ်ပွားပါတယ်။ အဲဒီက အမြောက်ကျည်ဆံတွေ ဘုန်းတော်ကြီးကျောင်း တောင်ကုန်းမှာ ကျရောက်ပေါက်ကွဲတဲ့ အတွက် ရွာသားတွေ ကြောက်လန့်ပြီး အကုန်လုံးထွက်ပြေးသွားကြပါပြီ” ဟု ပြောကြားသည်။

တိုက်ပွဲက ကံပြင်နှင့် စည်တောင်အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရွာသား ၂၀၀ ကျော်ခန့်မှာ အနီးအနားရှိ စံဂိုးထောင် ကျေးရွာ၊ စပါးထားကျေးရွာ၊ စေတီတောင်ကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု သူက ပြောကြားသည်။

“ အကုန်လုံး ထွက်ပြေးသွားကြပြီဆရာ။ အခုက ယောင်္ကျား ဆယ်ကိုးယောက်လောက်ဘဲ အိမ်တွေကို စောင့်ပြီး ကျန်နေခဲ့ကြပါတယ်။ အခြေအနေက ဆိုးပါတယ်” ဟု သူက ပြောကြားသည်။

ယနေ့တိုက်ပွဲသည် နံနက် ၉ နာရီကျော်က တစ်ကြိမ်၊ ၁၁ နာရီကျော်တွင် တစ်ကြိမ် စည်တောင်ရွာမှ မိုင်ဝက်ခန့်သာ ဝေးသည့် ဒိုင်းနက်ကန်ဘက်တွင် ဖြစ်ပွားခဲ့ကြောင်း၊ သေနတ် ကျည်ဆံများကို အဆက်မပြတ် ကျယ်ကျယ် လောင်လောင် ကြားခဲ့ရကြောင်း၊ အမြောက်ကြီးကျသည့် နေရာမှ မြေမှုန့်များ အပေါ်သို့ မြင့်တက်သွားသည်များကိုလည်း ရွာကပင် မြင်ရကြောင်း စည်တောင်ရွာသား တစ်ဦးကလည်း ပြောဆိုသည်။

ကံပြင်ရွာသားများ ရပ်ရွာကို စွန့်ခွာပြီး ထွက်ပြေးကြခြင်းမှာ ဒုတိယ အကြိမ် ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း သူတို့ရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားသဖြင့် စည်တောင်ရွာသို့ ထွက်ပြေး ခိုလုံခဲ့ကြရသည်။

Narinjara
https://www.facebook.com/Narinjara
ဘူးသီးတောင်မြို့နယ် ကံပြင်ရွာ ဘုန်းတော်ကြီးကျောင်းထဲ လက်နက်ကြီးကျည်ကျရာမှ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး ဘူးသီးတောင်မြို့နယ် ကံပြင်ရွာ ဘုန်းတော်ကြီးကျောင်းထဲ လက်နက်ကြီးကျည်ကျရာမှ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး Reviewed by THITHTOOLWIN on 22:32 Rating: 5
Powered by Blogger.