ကားပေါ်မှ ပစ္စည်းများအား ကရိန်းကားဖြင့် အတင်အချပြုလုပ်စဉ် 11 KV ဓါတ်အားကြိုးနှင့် ထိမိသဖြင့် ဓါတ်လိုက်ကာ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရရှိ

ကားပေါ်မှ ပစ္စည်းများအား ကရိန်းကားဖြင့် အတင်အချပြုလုပ်စဉ် 11 KV ဓါတ်အားကြိုးနှင့် ထိမိသဖြင့် ဓါတ်လိုက်ကာ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရရှိ
မွန်ပြည်နယ် ဘီးလင်းမြို့ ကန်သာယာရပ်ကွက် ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး မော်လမြိုင် ထမင်းဆိုင် ရှေ့တွင် ဇန်နဝါရီ ၈ ရက် ညနေပိုင်းက ကားပေါ်မှ ပစ္စည်းများအား ကရိန်းကားဖြင့် အတင်အချပြုလုပ်စဉ် ကရိန်းကား မောင်းတံနှင့် 11 KV ဓါတ်အားကြိုး ထိမိသဖြင့် ဓါတ်လိုက်ကာ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဘီးလင်းမြို့မ ရဲစခန်းမှ သိရှိရသည်။

"ရွှေတွင်း လုပ်ငန်းသုံးမီးစက်တွေ တင်လာတဲ့ ကားပေါ်ရှိ မီးစက်တစ်လုံးက ကားပေါ် ကျလုနီးဖြစ်နေလို့ ကားရပ်ထားပြီးတော့ ဟိန်းခမ်းကုမ္ပဏီက ကရိန်းကားလေးကို ငှားပြီး မီးစက်ကို ချထား မီးစက်ကို ကားပေါ် ပြန်ရွှေ့အပြီး ကရိန်းလက်တံကို ပြန်ရုတ်တဲ့အချိန်မှာ ကရိန်းလက်တံနဲ့ ဓါတ်ကြိုးကြီး ထိမိသွားတာ ကရိန်းလက်တံ မောင်းသူ အပါဝင် ပစ္စည်းတင်ချ ဝိုင်းလုပ်နေတဲ့ ၄ ဦးဓါတ်လိုက်သွားတယ်။''ဟု ဘီးလင်းမြို့မ ရဲစခန်းမှ ဒုရဲမှူး သန်းဇော်လေးက ပြောသည်။


မော်လမြိုင်ထမင်းဆိုင်ရှေ့ လမ်းတစ်ဖက်တွင်ရပ်ထားသော YGN 2G/------ Isuzu အဖြူရောင် ၆ ဘီး ကုန်တင်ယာဉ်ပေါ်တွင် တင်လာသော မီးစက်မှာ ပြုတ်ကျလုအခြေနေဖြစ်နေသောကြောင့် ဘီးလင်းမြို့ရှိ ကုမ္ပဏီတစ်ခုပိုင် အပြာရောင် ကရိန်းကားမောင်း ဇော်မိုး ၃၆ နှစ် ဘ ဦးကျော်ဆင့် ဘီးလင်းနေသူနှင့် အလုပ်သမား ၃ ဦးမှ မီးစက်အား ကရိန်းလက်တံဖြင့် ၆ ဘီးယာဉ်ပေါ်သို့ ဝိုင်းဝန်းပြန်တင်ခဲ့ကြောင်း သိရသည်။

မီးစက်အား ယာဉ်ပေါ်ပြန်တင်အပြီးတွင် ဇော်မိုးမှ ကရိန်းလက်တံအား ပြန်ရုတ်သိမ်းစဉ် မြေပြင်မှ အမြင့်ပေ ၂၀ ခန့်ရှိ 11 KV ဓါတ်ကြိုးဖြင့် ထိမိခဲ့ကြောင်း သိရသည်။
"ဓါတ်ကြိုးနဲ့ ကရိန်းလက်တံထိမိပြီး လူသေဆုံးတယ် သတင်းရလို့ သွားကြည့်တာ ဆေးရုံမှာ တစ်ယောက်က ဆုံးနေပြီး ကျန်ဒဏ်ရသူတွေလဲ ရှိတယ်လို့ သိရတယ်။ ရွှေတွင်းပစ္စည်းတွေကို ကရိန်းနဲ့ အတင်ချလုပ်ရင်း ဖြစ်တယ်လို့ သိရတယ် သူတို့လုပ်တဲ့ နေရာက 11 KV ဓါတ်ကြိုးအောက်မှာ သွားလုပ်တာ ပေါ့လျော့လို့ ခုလို ဖြစ်တာပါ။''ဟု ဘီးလင်းမြို့ ကန်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ဦးက ပြောသည်။

ဓါတ်ကြိုးနှင့် ကရိန်းလက်တံထိမိသဖြင့် မီးစက်အတင်အချ ဝိုင်းဝန်းလုပ်ကိုင်နေသူ ကရိန်းမောင်း ဇော်မိုးမှာ ဝဲလက်ညိုး မီးလောင်ဒဏ်ရာရရှိကာ မြေပြင်သို့ လဲကျသေဆုံးခဲ့ရပြီး ဝိုင်းဝန်းလုပ်ကိုင်နေသူများ ဖြစ်သော ရှောင်ဝမ်း၊ စောရင်ကြူ၊ ကိုမောင်တို့ ၃ ဦးမှာ ဓါတ်လိုက်ပြီး မြေပြင်သို့ လဲကျထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဘီးလင်းမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁ /၂၀၁၉ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ကားပေါ်မှ ပစ္စည်းများအား ကရိန်းကားဖြင့် အတင်အချပြုလုပ်စဉ် 11 KV ဓါတ်အားကြိုးနှင့် ထိမိသဖြင့် ဓါတ်လိုက်ကာ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရရှိ ကားပေါ်မှ ပစ္စည်းများအား ကရိန်းကားဖြင့် အတင်အချပြုလုပ်စဉ် 11 KV ဓါတ်အားကြိုးနှင့် ထိမိသဖြင့် ဓါတ်လိုက်ကာ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.