မလေးရှားက Top Glove လက်အိတ် ကော်ပိုရေးရှင်းကို မလေးရှားအစိုးရ အရေးယူမည်

မလေးရှားနိုင်ငံ Top Glove လက်အိတ် ကော်ပိုရေးရှင်း။ (Photo: Reuters)
 မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့က အလုပ်လာလုပ်တဲ့အလုပ်သမားတွေကို အချိန်ပိုတွေ အဆမတန်လုပ်ခိုင်းနေတဲ့အတွက် မလေးရှားနိုင်ငံက လက်အိတ်ထုတ်လုပ်တဲ့ Top Glove ကော်ပိုရေးရှင်းကြီးကို အရေးယူသွားမှာဖြစ်တယ်လို့ မလေးရှား လူ့အရင်းအမြစ်ဝန်ကြီးကပြောပါတယ်။

လက်အိတ်စက်ရုံမှာ အလုပ်လုပ်သူတွေဟာ မိခင်နိုင်ငံက အေးဂျင့်တွေကို အကြွေးဆပ်နိုင်ဖို့အတွက် တရားဝင်သတ်မှတ်ထားတဲ့ အချိန်ပိုအလုပ်ချိန်ထက် အများကြီးပိုပြီးလုပ်နေကြတယ်လို့ သွန်မဆွန် ရိုက်တာစ် ဖောင်ဒေးရှင်းက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် မလေးရှားအစိုးရက ကုမ္ပဏီကို အခုလို အရေးယူဖို့ဖြစ်လာတာပါ။

အလုပ်သမားအနည်းအကျဉ်းကသာ အချိန်ပိုတွေအများကြီးလုပ်နေတာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ အလုပ်သမားအဆင့်အတန်းမြင့်မားရေးကို ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ Top Glove ကော်ပိုရေးရှင်းကိုတည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူ လင်ဝီချိုင်က သတင်းစာရှင်းလင်းပွဲတခုမှာပြောပါတယ်။

ချိုင်က အလုပ်သမားတွေကို အချိန်ပိုတွေအဆမတန်လုပ်ခိုင်းတယ်ဆိုတာကိုလည်း ငြင်းဆိုလိုက်ပြီး သူတို့ အချိန်ပိုမလုပ်ချင်ရင် မလုပ်ဘဲ နေခွင့်ရှိပါတယ်။ ဒါပေမယ့် အလုပ်သမားအများစုက ငွေရှာဖို့လာကြတာဆိုတော့ အချိန်ပို လုပ်ချင်ကြပါတယ်လို့ ဆက်ပြောပါတယ်။

သွန်မဆွန် ရိုက်တာစ်ဖောင်ဒေးရင်းရဲ့အချက်အလက်တွေအရ စက်ရုံက အလုပ်သမားတွေဟာ တနေ့ကို ၁၂ နာရီလောက်အလုပ်လုပ်ကြရပြီး တလကို အချိန်ပို နာရီ ၉ဝ ကနေ ၁၂ဝ လောက်ထိ လုပ်ကြရတယ်လို့ ဆိုပါတယ်။ မလေးရှားဥပဒေအရ အလုပ်သမားတယောက်ဟာ တပတ်မှာ အနည်းဆုံးတရက် အလုပ်နားရမှာ ဖြစ်ပြီး တလကို အချိန်ပို ၁ဝ၄ နာရီထက်ပိုလုပ်ခွင့်မရှိပါဘူး။

တကယ်လို့ ပြစ်မှုထင်ရှားရင် ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၂၄ဝဝ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ Top Glove ဟာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၉၅ နိုင်ငံကို ဆေးရုံသုံးနဲ့ ရာဘာလက်အိတ်တွေတင်သွင်းနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ စက်ရုံမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁,၁ဝဝဝ လောက်ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားက Top Glove လက်အိတ် ကော်ပိုရေးရှင်းကို မလေးရှားအစိုးရ အရေးယူမည် မလေးရှားက Top Glove လက်အိတ် ကော်ပိုရေးရှင်းကို မလေးရှားအစိုးရ အရေးယူမည် Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.