RCSS တိုက်ခိုက်သည့်အတွက် တပ်မတော်သား တချို့ သေဆုံး ဒဏ်ရာရ

RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် ။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲက တပ်မတော်စစ်ကြောင်းကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က မနေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တပ်သားတချို့ ကျဆုံးပြီး တချို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒဏ်ရာရရှိသူတွေကို မိုင်းပန်မြို့နယ်က တပ်မတော်ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ ၄ လကြာ စစ်တိုင်း ၅ ခုမှာ စစ်ဆင်ရေးတွေရပ်ဆိုင်းမယ်လို့ ကြေညာထားပြီးဖြစ်ကြောင်းနဲ့ ဒီကိစ္စအပေါ် တရားဥပဒေဘောင်အတွင်းမှ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦးကတော့ အဲဒီမိုင်းပန်းဒေသမှာ တပ်မတော်နဲ့ RCSS အဖွဲ့တို့ မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ မြေပြင်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုကြောင်းနဲ့ မိုင်းပန်မြို့နယ်က RCSS ဆက်ဆံရေးတာဝန်ခံကို တပ်မတော်ဘက်က ခေါ်ပြီး အဲဒီကိစ္စအပေါ် မေးမြန်းတာတွေရှိကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မနေ့ နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာ အဲဒီမိုင်းပန်းမြို့နယ်မှာရှိတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က RCSS ဘက်ကို လက်နက်ကြီးနဲ့ ၂ ကြိမ်တိုင် ပစ်ခတ်တာတွေရှိပေမဲ့ RCSS ဘက်ကတော့ တိုက်ခိုက်တာ မရှိဘူးလို့ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

တပ်မတော်ထုတ်ပြန်ချက်မှာတော့ RCSS အဖွဲ့ဟာ အဲဒီဒေသကို နယ်မြေကျော်ပြီး ၀င်ရောက်လာခဲ့တာဖြစ်ကြောင်း နဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ပန်ပိရွာ ဘုန်းကြီးကျောင်းအတွက် ဟိုပုန်းကိုရင်လေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ဒေသခံပြည်သူတွေ လှူဒါန်းတဲ့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို RCSS က ပိတ်ဆို့ဟန့်တားခဲ့ တာကြောင့် တပ်က ကူညီဖို့သွားရာမှာ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြောထားပါတယ်။

တဆက်တည်းမှာပဲ တပ်မတော်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့တို့ပူးပေါင်းပြီး RCSS အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ RCSS ထုတ်ပြန်ချက်ဟာ မဟုတ်မမှန်ကြောင်း လည်း တပ်မတော်က သတင်းထုတ်ငြင်းဆိုထားပါတယ်။

ရှမ်းပြည်နယ်မှာ NCA လက်မှတ်မထိုးရတဲ့ အဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိသလို NCA လက်မှတ်ထိုးထားတဲ့ RCSS နဲ့ PNLO ပအိုဝ်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေတာတွေလည်းရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းက ပေးပို့လိုက်တာပါ။

RFA Burmese
https://www.rfa.org/burmese
RCSS တိုက်ခိုက်သည့်အတွက် တပ်မတော်သား တချို့ သေဆုံး ဒဏ်ရာရ RCSS တိုက်ခိုက်သည့်အတွက် တပ်မတော်သား တချို့ သေဆုံး ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.