နေပြည်တော် ဝန်ထမ်းအိမ်ရာတွင် သံဃာအယောင်ဆောင်၍ လုယက်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူထား

နေပြည်တော် ဝန်ထမ်းအိမ်ရာတွင် သံဃာအယောင်ဆောင်၍ လုယက်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူထား
နေပြည်တော် ၁၀ ဒီဇင်ဘာ

နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ တိုက်(၁၉)၊ အခန်း (၂၂)နေ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယညွှန်ကြားရေးမှူး အမျိုးသမီးသည် ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ဈေးဝယ် သွားပြီးပြန်လာစဉ် နေအိမ်မီးဖိုခန်းရှိ လျှပ်စစ်မီးဖိုပေါ်တွင် ဘုန်းကြီးကိုင် ယပ်တောင်(၁)ချောင်း တွေ့ရှိသဖြင့် နေအိမ်အတွင်း လိုက်လံစစ်ဆေးရာ အိပ်ခန်း အတွင်းထားရှိသည့် စလင်းဘက်အိတ်အတွင်းမှ ငွေ ၃၁၀,၀၀၀ ကျပ်အား ဉူးပဉ္ဇင်း(၁)ပါးမှ နိုက်ယူနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းမှ အော်ဟစ်စဉ် အဆိုပါဉူးပဉ္ဇင်းက ဝဲလက်မှ သင်္ကန်းဖြင့် ပါးစပ်ပိတ်၊ ယာလက်ဖြင့်နှာခေါင်းပိတ်တွန်းလှဲပြီး အခန်းအတွင်း ရှိနေသော မြက်ဖြတ်ကတ်ကြေးဖြင့် လည်ပင်းအားထောက်ကာ မအော်နဲ့ဟုပြောဆိုပြီး ပိုက်ဆံအိတ်ထဲမှ ငွေကျပ်(၃၁၀,၀၀၀)အား ယူဆောင်ထွက်ပြေး သွားသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၅)နယ်မြေ ရဲစခန်း(ပ) ၅၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးလိုက်လံစုံစမ်းခဲ့ရာ အဆိုပါ လုယက်မှုကျူးလွန် ခဲ့သူသည် ယခင်ကလည်း ၎င်းဝန်ထမ်းအိမ်ရာတိုက်ခန်းများသို့ သင်္ကန်းဝတ်ဖြင့် အလှူလှည့် ခံလေ့ရှိသူ တစ်ဦး ဖြစ်ပြီး ဒက္ခိဏသီရိမြို့နယ်၊ သပြေ(၄)လူပျိုဆောင် နောက်ဘက်ရှိ တဲစုတွင်နေထိုင်သော ကျပန်းလုပ်သူ မောင်မောင် ဖြစ်ကြောင်း၊ ဇာတိမှာ ပြည်မြို့နယ်၊ ကန်ပိုကျေးရွာဖြစ်ကြောင်း သိရှိရ၍ ဆက်စပ်ရဲစခန်းများသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ပြည်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မောင်မောင် (၂၅)နှစ်အား ကန်ပိုကျေးရွာတွင် ဖမ်းဆီးရမိခဲ့သောကြောင့် အမှုဖြင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
နေပြည်တော် ဝန်ထမ်းအိမ်ရာတွင် သံဃာအယောင်ဆောင်၍ လုယက်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူထား နေပြည်တော် ဝန်ထမ်းအိမ်ရာတွင် သံဃာအယောင်ဆောင်၍ လုယက်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူထား Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.