ဘူးသီးတောင်က ဒုရဲအုပ် အပါအဝင် လူတချို့ကို အေအေက ကျည်ဆန်တစ်တောင့်စီနဲ့အတူ သတိပေးစာပို့

သတိပေးစာတွေကို ဒီဇင်ဘာ ၂၁ ရက် နေ့ ညနေပိုင်းက ပေးပို့လာခဲ့
ရက္ခိုင့်တပ်မတော် ( AA ) က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှာရှိတဲ့ ဒုရဲအုပ် တစ်ဦး အပါအဝင် ပြည်သူအချို့ကို ကျည်ဆန်တစ်တောင့်စီပါဝင်တဲ့ သတိပေးစာတွေကို ဒီဇင်ဘာ ၂၁ ရက် နေ့ ညနေပိုင်းက ပေးပို့လာခဲ့တယ်လို့ ကာယကံရှင်တချို့က ဘီဘီစီကိုပြောပါတယ်။

တစ်ဦးချင်စီကိုလိပ်မူပြီး AA ကပေးပို့လာတဲ့ စာထဲမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) /ရက္ခိုင့်တပ်မတော် (AA) ရဲ့ ရခိုင်ပြည်အတွင်း အမျိုးသားရေးလုပ်ငန်း တာဝန်တွေနဲ့ ULA ဘက်က ချမှတ်ထားတဲ့ လမ်းစဉ် တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသူတွေကို တစ်စုံတစ်ရာအနှောင့် အယှက် မပေးဖို့ အထူးသတိပေးလိုတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် အနှောင့်အယှက်ပေးသူတွေကိုလည်း ဘယ်သူ့ ကိုမဆို တိကျပြတ်သားစွာ လက်တုံ့ ပြန်သွားမယ်လို့ သတိပေးရေးသားထားတာ ကိုတွေ့ရပါတယ်။

''ဒီစာက ကျွန်တော့်ဆီကို မနေ့က ညနေပိုင်းမှာရောက်လာတာ၊ ကျန်တဲ့ နှစ်ယာက်ကတော့ ကျွန်တော့်စခန်းကတော့ မဟုတ်ဘူး၊ အရပ်သားပဲ ဒါပေမယ့် သူတို့နဲ့လည်း ကျွန်တော် မသိဘူး၊ ဒီစာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်အနေနဲ့ချင့်ချိန်နေတုန်းပဲ၊ အထက် အရာရှိကိုတော့ တင်ပြထားတယ်'' လို့ စာပေးပို့သတိပေးခံရသူတစ်ဦးဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် နွားရုံတောင်စခန်းကစခန်းမှူး ဒုရဲအုပ်ချစ်ရှားအောင် ကဘီဘီစီကိုပြောပါတယ်။
ဒုရဲအုပ်တစ်ဦးအပါအဝင် ဘူးသီးတောင်မြို့နယ်ထဲမှာနေထိုင်တဲ့ ဦးစစ်စစ်ဆိုသူနဲ့ ဦးဉာဏ်လင်းဆိုသူတို့ကိုပါသတိပေးစာပေးပို့ခဲ့
အခုလို သတိပေးစာပေးပို့လာတာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဒီအကြောင်းကို အထက်အရာရှိကို တင်ပြ ထားကြောင်းနဲ့စာပေးပို့လာတဲ့အပေါ် ဘယ်လိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အသေးစိတ် အချက် အလက်တွေကိုတော့ အထက်ကို မေးမြန်းပြီးမှသာ ပြန်လည် ဖြေကြား နိုင်မယ်လို့လည်း သူကပြော ပါ တယ်။

မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေမှာ ရဲဝန်ထမ်းတွေကို ဝင်မပါစေလိုတဲ့ ရည်ရွယ် ချက်နဲ့ သတိပေးစာပေးပို့ရတာဖြစ်တယ်လို့ သတိပေးစာပေးပို့တာဟုတ်မှန်ကြောင်းကို အေအေရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဘီဘီစီကိုအတည်ပြုပါတယ်။

"မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်နဲ့ ထိပ်တိုက်တွေ့နေတဲ့နေရာမှာ အစိုးရဝန်ထမ်းတွေ အထူးသဖြင့် ရဲတွေ၊ လဝကတွေ ဝင်မပါစေချင်ဘူး၊ ဥပမာ တပ်ဖွဲ့တွေ ပြောင်းတဲ့အခါမှာ ရဲယူနီဖောင်းတွေဝတ်ပြီးတော့ ရဲကားတွေကို အသုံးပြုပြီးတော့ပြောင်းနေတာတွေရှိတယ်၊ တိုက်ပွဲဧရိယာထဲမှာလည်း ရဲတွေကိုခေါ်လာပြီး ရွာသားတွေကို နှိပ်စက်အနိုင်ကျင့်တာမျိုးလည်းရှိတယ်။ အထူးသဖြင့် ပြည်သူကိုဖိနှိပ်တဲ့နေရာမှာ ရဲတွေကို အသုံးပြုလာတာတွေရှိတယ်၊ အဲဒါကြောင့်သူတို့ကို ပြင်းပြင်းထန်ထန်သတိပေးရတာဖြစ်တယ်'' လို့ ခိုင်သုခကပြောပါတယ်။

အေအေဘက်က အခုလို စွပ်စွဲပြစ်တင်တာတွေရှိပေမယ့်လည်း စာပေးပို့သတိပေးခံရသူ ဒုရဲအုပ်ကတော့ သူ့အနေနဲ့ အမှားအယွင်းတစ်စုံတစ်ရာလုပ်ထားတာမျိုးမရှိဘူးလို့ ပြောဆိုထားပါတယ်။
ဒီရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ်ထဲမှာမြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြန်လည်ပြင်းထန်နေ
''ကျွန်တော်အနေနဲ့က အမှားလုပ်ထား တာမရှိဘူး၊ ကျွန်တော်ကိုယ်ကျွန်တော်ယုံကြည်တယ်၊ သူတို့နဲ့ တိုက်ရိုက်ထိတွေ့တာလည်း မရှိဘူး၊ သူတို့ကို ဖိနှိပ်တာလည်းမရှိဘူး၊ ကျွန်တော်ဒီစခန်းမှာလည်း ရောက်တာကြာနေပြီ၊ သူတို့ဘက်က ကြိုပြီးတော့တားမြစ်တာလည်းဖြစ်မှာပေါ့၊ ဘယ်လိုသဘော မျိုးလည်းတော့ မသိဘူးပေါ့ဗျာ။'' လို့ ဒုရဲအုပ်ချစ်ရှားအောင်က ဘီဘီစီကိုပြောပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ အမျိုးသားရေးတာဝန်ထမ်းဆောင်သူတွေကို ရဲဝန်ထမ်းတွေဘက်ကဖိနှိပ် တာတွေရှိသလို မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း ဒေသခံတွေကို အိမ်ထောင်စုဇယားကို အိမ်အပြင်မှာ ကပ်ထားရမယ်ဆိုတဲ့ထုတ်ပြန်စာမျိုးတွေနဲ့ ဘယ်ဒေသမှာမှမရှိတဲ့ပုံစံတွေနဲ့ ဖိနှိပ်နေတယ်လို့ လည်း AA ဘက်က စွပ်စွဲပြစ်တင်ထားပါတယ်။

"တပ်က ရဲဝန်ထမ်းတွေကို အသုံးပြုတာရှိမရှိကို ကျွန်တော်တို့မသိဘူး၊ အတည်ပြုနိုင်ဖို့လည်း မလွယ်ဘူး၊ ဒါပေမယ့် အိမ်ထောင်စုဇယားတွေ ကပ်ထားရမယ် ဆိုတာကတော့ဟုတ်တယ်၊ ဒါကကျွန်တော် တို့ မနေ့ကပဲ ပြင်ခေါင်ကျေးရွာကိုသွားတဲ့အခါ အိမ်ထာင်စုဇယားတင်မကဘူး မိသားစုဓာတ်ပုံ တွေပါ ကပ်ထားရမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက နို့တစ်စာကပ်ထားတာတွေ့ခဲ့ရတယ်၊ ဒေသခံတွေကတော့ ကပ်လိုတဲ့ဆန္ဒမရှိကြဘူး။'' လို့ ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးထွန်းအောင်သိန်းကဘီဘီစီကို ပြောပါတယ်။

အခုလို အိမ်ထောင်စုဇယားတွေကပ်ခိုင်းတာဟာလည်း ဘူးသီးတောင်တစ်မြို့ထဲကိုသာ လုပ်ခိုင်းနေတာ ဖြစ်ပြီး ဒါဟာ လုံခြုံရေးကိုအကြောင်းပြပြီး မိသားစုတွေရဲ့လွတ်လပ်မှုကို ထိပါးနှောင့်ယှက်တာပဲလို့လည်း ဦးထွန်းအောင်သိန်းကမှတ်ချက်ပြုပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ လိပ်မူပြီး ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ်ဆိုတဲ့ တံဆိပ်တုံးထုထားတဲ့ သတိပေးစာတွေကို တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ်တစ်ဦးအပါအဝင် ဘူးသီးတောင်မြို့နယ်ထဲမှာနေထိုင်တဲ့ ဦးစစ်စစ်ဆိုသူနဲ့ ဦးဉာဏ်လင်းဆိုသူတို့ကိုပါပေးပို့ခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဘူးသီးတောင်က ဒုရဲအုပ် အပါအဝင် လူတချို့ကို အေအေက ကျည်ဆန်တစ်တောင့်စီနဲ့အတူ သတိပေးစာပို့ ဘူးသီးတောင်က ဒုရဲအုပ် အပါအဝင် လူတချို့ကို အေအေက ကျည်ဆန်တစ်တောင့်စီနဲ့အတူ သတိပေးစာပို့ Reviewed by THITHTOOLWIN on 23:29 Rating: 5
Powered by Blogger.