မိုင်းပျဉ်းကျေးရွာအုပ်စု ဖာလဲကျေးရွာရှိ မေဓာရာမကျောင်းတိုက်(၂) ထပ်ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား


ဟိုပုံး - ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု ဖာလဲကျေးရွာတွင် ဒီဇင်ဘာ ၁ ရက် ည ၁၁နာရီအချိန်တွင် မေဓာရာမကျောင်းတိုက် ပျဉ်ခင်း၊ အုတ်ညှပ် အပေါ်ထပ် ပျဉ်ကာ သက်တမ်း(၆၀)ခန့်ရှိ နှစ်ထပ်ကျောင်းဆောင်ကြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နှစ်ထပ်ကျောင်းဆောင် အောက်ထပ်တွင် ဖယောင်းတိုင်မီးမှတဆင့် သင်္ကန်းများ မီးစွဲလောင်ပြီး ကျွန်းအကာ ပျဉ်ချပ်များ ကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်ကျွမ်းမှုဖြစ်ဖြစ်ချင်း အမှတ်(၂၄၉)ခြေမြန်တပ်ရင်းမှ အရာရှိစစ်သည်(၃+၁၅)ဦး၊ တပ်ရင်းမှ ရေကား(၁)စီး၊ ဒေသခံတိုင်းရင်းသားမိဘ ပြည်သူများ(၂၀၀)ဦးခန့်တို့က ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ည(၁၁)နာရီ၅၀မိနစ်အချိန်ခန့်တွင် မီးညွှန့်ကျိုးပြီး ဒီဇင်ဘာလ(၂)ရက် နံနက် ၀၀း၃၀ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်နှင့်ရဟန်း(၃)ပါး၊ ကိုရင်ငယ်(၃၅)ပါး၊ ပရဟိတ ကျောင်းသူ(၂၅)ဦးရှိကြောင်းနှင့် ကျောင်းမှာနှစ်(၆၀)ခန့်ရှိပြီး၊ ကျောင်းဆောင်တစ်ခုလုံးမှာ ကျွန်းတိုင်၊ ကျွန်းခင်း၊ ကျွန်းအကာများဖြင့် တည်ဆောက်ထားသဖြင့် သင်္ကန်းများအား ဖယောင်းတိုင်မီးမှမီးလောင်ကျွမ်းနေမှုအား ကိုရင်ကြီးမှ ၄င်းကိုင်ဆောင်သောတောင်ဝှေးဖြင့် ဖယ်ရှားမီးငြိမ်း သတ်ရာမှ ဘေးအကာကျွန်းခင်းများမှာ သက်တမ်းကြာမြင့်သဖြင့် မီးအလွယ်တကူ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘေးပယောက၊ ရှို့မီးကြောင့် လှောင်ကျွမ်းခြင်းမဟုတ်ကြောင်း ကျောင်းထိုင်ဆရာတော်ကြီးမိန့်ကြားချက်အရ သိရှိရပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ကျောင်းဆောင်တစ်ခုလုံး၏ ပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း(၁၀၀)ကျော်ခန့် ဆုံးရှုံးခဲ့ပြီး ရဟန်း၊ လူ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထက်ထက်(ဟိုပုံး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုင်းပျဉ်းကျေးရွာအုပ်စု ဖာလဲကျေးရွာရှိ မေဓာရာမကျောင်းတိုက်(၂) ထပ်ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား မိုင်းပျဉ်းကျေးရွာအုပ်စု ဖာလဲကျေးရွာရှိ မေဓာရာမကျောင်းတိုက်(၂) ထပ်ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.