ပလက်ဝမြို့နယ် ကျေးရွာတချို့မှာ ရက္ခိုင့်တပ်မတော်က ခြိမ်းခြောက်သည့် အမိန့်စာထုတ်ပြန်ဟု ဆို


ခိုနူမ်းသုန်သတင်း၊ ၂၀ ဒီဇင်ဘာ ၂၀၁၈

ရက္ခိုင့်တပ်မတော် (AA) က ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းဒေသ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်တွင်တည်ရှိသည့် ကျေးရွာများတွင် မကြာသေးခင်က ခြိမ်းခြောက်သည့် အမိန့်စာထုတ်ပြန်ထားသည်ဟု ခူမီးမီဒီယာထံမှသိရသည်။

ရက္ခိုင့်တပ်မတော် လှုပ်ရှားနယ်မြေအနီးတ၀ိုက်ရှိ ကျေးရွာတချို့တွင် ကျေးရွာအုပ်ချူပ်ရေးမှူးများထံ အမိန့်စာ ထုတ် ပြန်ချက် အသီးသီးပေးအပ်ခဲ့ကြောင်း စုံစမ်းသိရှိရပြီး ယင်းအမိန့်ကို လိုက်နာမှုမရှိပါက ထိုက်တန်သော အရေးယူပြစ်ဒဏ်ပေးမှုများခံယူရမည်ဟု AA ၏ အမိန့်စာ တွင်ပါရှိသည်။

ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာလွယ်လူးက “ဒါက ဒေသခံတွေကို ဘေးကြပ်နံကြပ်ဖြစ်အောင်လုပ်လိုက်တာပဲလေ စစ်သားတွေလာရင်လည်း သူတို့ဆီတိုင်ရမယ် သူတို့ပြောတဲ့အတိုင်းမလုပ်ရင် ဒဏ်ပေးတာခံမယ်ဆိုတော့ ဒေသခံတွေက ဘယ်လိုနေရမလဲ တပ်မတော်ဖက်ကလည်း ဒီလိုပဲဖြစ်ဦးမှာပဲလေ ဒေသခံတွေက ဘယ်လိုဘဲလုပ်လုပ်ဗျာ စိုးရိမ်စရာတွေကြီးပဲ သူတို့ဘ၀က ဒါကြောင့် ဒီကိစ္စက လုံးဝ မဖြစ်သင့်ဘူး” ဟု ပြောသည်။

၎င်းတို့အမိန့်စာတွင် AA တပ်မတော်မှ တပ်ပြေးများကျေးရွာအတွင်းသို့ရောက်ရှိလာပါက ဖမ်းဆီးကာ ပြန်အပ်နှံပေးရန်၊ မြန်မာ့တပ်မတော်များ ရွာထဲသို့ ၀င်ရောက်လာလျင် အချိန်နှင့်တပြေးညီ သတင်းပို့ရန်၊ AA နှင့်ပတ်သက်သော သတင်းများ မြန်မာ့တပ်မတော်သို့ ပို့ရမည်ဆိုလျင် သတင်းအမှန်အပြည့်အစုံမပို့ဘဲ သတင်းလွဲတချို့ကို ရောပို့ရမည်ဟု ပါရှိသည်။

အထက်ပါညွန်ကြားချက်အတိုင်း မဆောင်ရွက်ဘဲ ပျက်ကွက်ခြင်း တပ်မတော်ထံ တိုင်ကြားသတင်းပို့ခြင်းများ ပြုလုပ်ပါက ထိုက်တန်သော အရေးယူပြစ်ဒဏ်ပေးမှုများခံယူရမည်ဟုဖြစ်ကြောင်း အသိပေးအပ်သည်ဟု ကျေးရွာအုပ်ချူပ်ရေးမှူးများ ထံ ပေးပို့သော AA ၏ အမိန့်စာတွင်ပါရှိသည်။

ယင်း ကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော် (AA) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “ ဒါက ဗမာ့တပ်မတော်ဘက်က လုပ်ကြံတာဘဲဖြစ်မယ် ကျနော်တို့ဘက်က အဲလိုထုတ်တာဘာမှမရှိဘူး ပြည်သူလူထုတွေကြားမှာ တမင်သက်သက် နားလည်မှုလွဲအောင် ဗမာ့တပ်မတော်က လုပ်တာဖြစ်မယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

AA တပ်ဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့သည် နိုဝင်ဘာလကုန်ပိုင်းမှ စတင်၍ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်တွင် တိုက်ပွဲများပြန်လည်ပြင်းထန်လျက်ရှိကြောင်းသိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumthungBurmese/
ပလက်ဝမြို့နယ် ကျေးရွာတချို့မှာ ရက္ခိုင့်တပ်မတော်က ခြိမ်းခြောက်သည့် အမိန့်စာထုတ်ပြန်ဟု ဆို ပလက်ဝမြို့နယ် ကျေးရွာတချို့မှာ ရက္ခိုင့်တပ်မတော်က ခြိမ်းခြောက်သည့် အမိန့်စာထုတ်ပြန်ဟု ဆို Reviewed by THITHTOOLWIN on 07:03 Rating: 5
Powered by Blogger.