ရခိုင်တွင် တိုက်ပွဲများကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေကြောင်း နှစ်ဖက်တပ်များ အသီးသီးသတင်းထုတ်ပြန်

(တိုက်ပွဲ ဖြစ်ပွားရာ နေရာများအား ယခု မြေပုံ အညွှန်းများဖြင့် ထုတ်ပြန်ထားကြသည်။)
နိရဉ္စရာ၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့များအကြား ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့က အသီးသီး သတင်းများထုတ်ပြန်သည်။

တိုက်ပွဲများမှာ နယ်စပ်တွင်သာမက ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အတွင်းပိုင်းထိ ဖြစ်ပွားလာခဲ့ကြောင်း မြန်မာတပ်မတော် ဘက်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာ၌ ၁ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထို့အပြင် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင်လည်း နယ်မြေရှင်းလင်းနေသည့် တပ်မတော်စစ်ကြောင်းနှင့် ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် နယ်မြေအတွင်းပိုင်းသို့ စိမ့်ဝင်လာသည့် AA အဖွဲ့နှင့် တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

(တိုက်ပွဲ ဖြစ်ပွားရာ နေရာများအား ယခု မြေပုံ အညွှန်းများဖြင့် ထုတ်ပြန်ထားကြသည်။)
ရက္ခိုင့်တပ်မတော်( အေအေ)မှ ဒီဇင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ပြန်သော သတင်းတွင် ရခိုင်ပြည်၊ဘူးသီးတောင်မြို့မြောက်ဖက်၊ "နဟန်း"နှင့်"ဝါးနက်ရုံ"အကြားတွင်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ဒီဇင်ဘာလ(၄) ရက်နေ့ဆိုလျှင် ငါးရက်မြောက်နေ့သို့ပင်ရောက်ရှိလာခဲ့ပြီးတိုက်ပွဲမှာ ငါးရက်အတွင်း အပြင်းထန်ဆုံးနေ့တစ်နေ့ဖြစ်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောရက်များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် မြန်မာ့တပ်မတော်မှ အထိအခိုက်နှင့် အကျအဆုံး များခဲ့ကြောင်း၊ ဘူးသီးတောင်အခြေစိုက်၊ ခမရ(၅၆၄) သည် ဒီဇင်ဘာ ၄ ရက် နံနက် (၆) နာရီ(၄၅) မိနစ်မှ (၈) နာရီ(၃၀) မိနစ်အထိ "အောက်နဟန်း"၊"ဝါးနက်ရုံ" နှင့် "အခြားတစ်နေရာ"များမှ လက်နက်ကြီး ပစ်ကူများဖြင့် မိမိတို့အား, တပြိုက်နက်တည်း တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုးစစ်ဆင် တိုက်ခိုက်မှုကို(၈) နာရီ(၃၀) မိနစ်တွင် စတင်ခဲ့ကြောင်း၊ သို့အတွက် ၎င်းတိုက်ပွဲမှာ နံနက်(၈) နာရီ(၃၀) မိနစ်မှနေ့လယ် (၁၂) နာရီ(၁၅) အထိဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းနေ့ ညနေ(၅) နာရီအချိန်တွင် မြန်မာ စစ်တပ်သည် နောက်ထပ်တစ်ကြိမ် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပြီး ညနေ(၆) နာရီ(၃၀) မိနစ်အထိအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း သေဆုံးမှုများ မြန်မာတပ်မတော်မှ သတင်းထုတ်ပြန်ရာတွင် အေအေဘက်မှ အလောင်း ၄ လောင်း၊ အမ်(၂၂)သေနတ် ၂ လက် နှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း၊ မြန်တပ်တော်ဘက်မှ အရာရှိ ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အေအေဘက်က သတင်းထုတ်ပြန်ရာတွင် ဒီဇင်ဘာ ၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးများကို လောလောဆယ် အတိအကျမသိရသေးကြောင်း၊ မြန်မာစစ်တပ်ဖက်မှ အနည်းဆုံးနှစ်ဦး(မျက်မြင်) ကျဆုံးခဲ့ပြီးဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာတပ်မတော်မှ သတင်းထုတ်ပြန်ချက်တွက် မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ဘီပီ-၆၄၏ အနောက် မြောက်ဘက် မီတာ ၃၀၀၀ ခန့် နေရာတွင် ၎င်းတို့ စစ်ကြောင်းအား အေအေမှ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်း၏ ပြန် လည်ပစ်ခတ် ရှင်းလင်းမှုကြောင်း၊ ဘီပီ-၆၄၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ ဒီဇင်ဘာ ၅ ရက်တွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ နှစ်နိုင်ငံနယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၆၃ နှင့် ဘီပီ-၆၄ ကြားနယ်စပ်အနီး ပိတ်ဆို့ရေး ဆောင်ရွက်ရန် ချီတက်သည့် တပ်မတော်စစ်ကြောင်း တစ်ခုကိုလည်း AA မှ အင်အား ၈၀ ဦးခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှ အသင့်စောင့်ကြို၍ နှောင့်ယှက် တိုက်ခိုက်ခဲ့သဖြင့် ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ ထိတွေ့တိုက်ခိုက်မှု ၃ ကြိမ်၊ မိုင်းဖြစ်စဉ် ၃ ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပြီး အေအေမှာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဆုတ်ခွာသွားခဲ့သည်ဟု မြန်မာတပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။

Narinjara
https://www.facebook.com/Narinjara
ရခိုင်တွင် တိုက်ပွဲများကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေကြောင်း နှစ်ဖက်တပ်များ အသီးသီးသတင်းထုတ်ပြန် ရခိုင်တွင် တိုက်ပွဲများကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေကြောင်း နှစ်ဖက်တပ်များ အသီးသီးသတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 00:33 Rating: 5
Powered by Blogger.