မောင်တောပြူးမအထက်ရွာမှာ ငါးဖမ်းသမားနှစ်ဦး အသတ်ခံရ

 မောင်တောမြောက်ပိုင်းလုံခြုံရေး ကြပ်မတ်ဖို့ လိုအပ်နေ
ရခိုင်ပြည်နယ် အနောက်နယ်စပ် မောင်တောမြို့နယ် ပြူးမ အထက်ရွာ ငါးဖမ်းသမားနှစ်ဦး လှေနဲ့ ငါးဖမ်းနေတုန်း အသတ်ခံခဲ့ရပြီး သူတိုရဲ့ အလောင်းကို ပြန်လည် ရှာတွေ့ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်ရပ်တည်ရှိတဲ့ မြန်မာဘက်က နတ်မြစ်ရဲ့ ချောင်းလက်တက် တခု ဖြစ်တဲ့ ပြူးမ ချောင်း အတွင်းမှာ လှေနဲ့ ငါးဖမ်းနေစဉ် ဒီဇင်ဘာ ၁၈ ရက်က ဖမ်းဆီး သတ်ဖြတ် ခံရတာ ဖြစ်ပါတယ်။

သေဆုံးသွားသူတွေကို လိုက်ရှာတဲ့ အခါ ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းက တွေ့တာ ဖြစ်ကြောင်း ၊ ရွာနဲ့ တမိုင် အကွာ လှေနဲ့ မလှမ်းမကမ်း ချောင်းစပ်တွေမှာ ပက်လက် အနေအထားနဲ့ လည်ပင်းလှီး ဒဏ်ရာတွေနဲ့ တွေ့ရတာ ဖြစ်တယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ဆိုပါတယ်။

'' သတ်သွားတဲ့သူတွေက တဘက်နိုင်ငံကနေ ဝင်လာတဲ့သူတွေလား၊ ဒီနိုင်ငံအတွင်းကလားဆိုတာကို ဝေခွဲရခက်နေသလို စစ်ဆေးတာတွေ လုပ်နေပြီး အဲဒီနေ့က တခြား မာရမာကြီး လူမျိုးတွေလည်း အဲဒီချောင်းမှာ တိုက်ခိုက်ခံခဲ့ရတာတွေရှိတယ်'' လို့ ဦးမြင့်ခိုင်ကပြောပါတယ်။

အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် သူတို့နဲ့ အတူသွားခဲ့တာ မဟုတ်တဲ့ ကြိမ်ချောင်းရွာက သွားတဲ့ မာရမာကြီး နှစ်ယောက် ချောင်းထဲမှာ ငါးပိုက် သွားချတဲ့အခါ မွတ်ဆလင် ၆ ယောက်နဲ့ တွေ့ပြီး အဲဒီလူစုက လိုက်လို့ ထွက်ပြေးခဲ့ရကြောင်း ၊ သူတို့နဲ့ ရင်ဆိုင် တွေ့ဆုံစဉ် ခေါင်းရိုက်ခွဲခံခဲ့ရလို့ တယောက် ခေါင်းတွင်း ခြောက်လက်မ ဒဏ်ရာရခဲ့ကြောင်း ၊ အဲဒီ မာရမာကြီး နှစ်ယောက်ကတော့ လူငယ်တွေ ဖြစ်တာကြောင့် ထွက်ပြေး လွတ်မြောက် လာခဲ့ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။
 မောင်တောမြောက်ပိုင်း မြေပုံ
အခု အသတ်ခံရသူ နှစ်ဦးဟာ အထက်ပြူးမရွာက ဦးမောင်ထွန်းအေးနဲ့ ဦးမောင်မောင်သန်းတို့ဖြစ်ကြပါတယ်။

ဒီလူနှစ်ဦးကို သတ်သွားတဲ့သူတွေဟာ တဘက်နိုင်ငံကနေ ဝင်လာသူတွေလား၊ ဒီနိုင်ငံအတွင်းကလားဆိုတာကို ဝေခွဲရခက်နေပြီး စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အခုလို သတ်ဖြတ်ခံရတာတွေရှိနေတဲ့အတွက် ဒေသခံများ အကြား လုံခြုံ မှု မရှိဘူးလို့ ခံစားနေကြရတယ်လို့လည်း ဆိုပါတယ်။

အထက်ပြူးမ ရွာဆိုတာ အိမ်ခြေတော်တော်နည်းပြီး ၁၄ အိမ်သာ ရှိကြောင်း ၊ ရှေ့ဆက်ပြီး သူတို့ အတွက် လုံခြုံရေး မပေးဘူး ဆိုရင် နေဖို့ အခက်အခဲ ရှိနိုင်ကြောင်း ၊ ဆက်နေလို့ မရတဲ့ အခြေအနေ ဖြစ်လာနေပြီး ကားလမ်းလည်းမရှိ ဖြစ်နေကြောင်း ၊ ဒီမှာ ဆက်နေနိုင်ဖို့ ဆိုရင် အဓိက ကားလမ်းနဲ့ လုံခြုံရေး ပေးဖို့ လိုတယ်လို့ သတ်ဖြတ်ခံရသူ ဦးထွန်းအေးရဲ့ ညီ ကိုမောင်မင်းညိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ လေးမိုင်သစ်တောရွာတွင် (၁၄) နှစ်အရွယ် ငါးတန်းကျောင်းသူ အမျိုးသမီးငယ်တဦး သတ်ဖြတ်ခံခဲပါတယ်။

ငါးရက် အတွင်း သုံးဦးထိ အသတ်ခံခဲ့ရတာကြောင့် မောင်တောမြို့နယ်အတွင်း စိုးရိမ် ထိတ်လန့်နေကြပါတယ် ။

BBC Burmese
https://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ