ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တစ်ဦး မိုင်းနင်းမိ၍ ဆေးရုံတင်ထားရ


နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လိပ်ဖကျေးရွာမှ မြိုတိုင်းရင်းသား လူငယ်တစ်ဦးကို မိုင်းနင်းမိ၍ ကျောက်တော် ဆေးရုံတွင် တင်ထားရသည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီခန့်တွင် လိပ်ဖကျေးရွာနေ ဦးထွန်းအောင်ကျော်၏ သား မင်းမင်း (၁၆)နှစ်သည် အစ်ကိုတော်စပ်သူ ကိုဦးကျော်သိန်းနှင့်အတူ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာသို့ ဈေးဝယ်ရန်လာစဉ်တွင် လမ်းတွင် မိုင်းနင်းမိခဲ့သည်ဟု သိရသည်။

“သူနဲ့အတူပါလာတဲ့ အစ်ကိုတော်စပ်သူ ပြောပြတာကတော့ ကန်စောက်ကျေးရွာသို့ ဈေးဝယ်ဖို့ လာစဉ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဖြစ်တာက နေ့လယ် ၁ နာရီလောက်မှာလို့ ပြောပါတယ်။လိပ်ဖကျေးရွာနဲ့ ခမောင်းကျေးရွအကြား ကျောက်တော်မြို့နယ် ခမောင်းချောင်း အတက် အကွေ့နားမှာဖြစ်တယ်လို့ အစ်ကို တော်စပ်သူ ကိုဦးကျော်သိန်းက ပြောပါတတယ်”ဟု ဆေးရုံတင်ထားရသည့် လူနာသတင်းသွားမေးသူ ကျောက်တော်မြို့မှ လူထုဇော်ဝင်းကပြောသည်။

မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ မင်းမင်းအား ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာပရဟိတမှ ယိုးချောင်းမှ တဆင့် ကျောက်တော်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

လူနာကို ကိုယ်တိုင်သွားယူခဲ့သူ ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာပရဟိတ အသင်းဥက္ကဋ္ဌ ကိုညီပုက “ကျွန်တော်တို့ ည ၇ နာရီ ၁၅ မိနစ်လောက်က သူကို ပုဏ္ဏားကျွန်းမြို့နယ် ယိုးချောင်းနားကနေ ကားနဲ့ သွားယူတယ်။ ကျောက်တော် ဆေးရုံကို ည ၈ နာရီနောက်မှာရောက်ပါတယ်။ ညာခြေနဲ့ လက်နှစ်ဖက် လုံးမှာတော့ ဒဏ်ရာတွေ ရထားတာတွေ့ပါတယ်။ ဒဏ်ရာကတော့ သိပ်စိုးရိမ်စရာမရှိဘူးလို့ ဆေးရုံက ပြောပါတယ်”ဟု ပြောသည်။

ကာယကံရှင် မိသားစုဝင်များထံသို့ အသေးစိတ်သိရှိနိုင်ရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိခဲ့ပါ။

မင်းမင်းတွင် ညာခြေဖဝါး၊ ညာလက်နှင့် ဘယ်လက်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်ဟု သိရသည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တစ်ဦး မိုင်းနင်းမိ၍ ဆေးရုံတင်ထားရ ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တစ်ဦး မိုင်းနင်းမိ၍ ဆေးရုံတင်ထားရ Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.