ဟွာဝေး သူဌေးသမီးကို ဖမ်းတဲ့အတွက် အမေရိကန်သံအမတ်ကို တရုတ်ခေါ်ယူသတိပေး


 ဆက်သွယ်ရေးကုမ္ပဏကြီးတခုဖြစ်တဲ့ ဟွာဝေး Huawei ကုမ္ပဏီရဲ့ဘဏ္ဍာရေးအရာရှိချုပ်ကို ကနေဒါနိုင်ငံမှာ ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို တရုတ်အစိုးရက ခေါ်ယူ သတိပေးလိုက်ပြီး ပြစ်မှုကျူးလွန်ခဲ့ရာ တိုင်းပြည်ဆီ တရားခံကို လွှဲပြောင်းပေးဖို့ အမေရိကန်အစိုးရရဲ့ ပြောကြားချက်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး လီယုချန် Le Yucheng က ကနေဒါသံအမတ်ကြီးကို ဖုန်းဆက်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်က မကျေနပ်တဲ့အကြောင်းပြောပြီး နောက်တနေ့မှာ အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

Huawei ကုမ္ပဏီအရာရှိ Meng Wanzhou ကို စီးပွားရေးပိတ်ဆို့အရေးယူထားတဲ့ အီရန်နိုင်ငံနဲ့ ဆက်နွယ်ပတ်သက်တဲ့အတွက်ဆိုပြီး အမေရိကန်အစိုးရက စွဲချက်ဖမ်းဆီးလိုက်တာဟာ တရုတ်ကိုဒေါသထွက်စေပြီး လောလောဆယ်ပြေလည်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကိုပါ ခြိမ်းခြောက်လာပါတယ်။

ဟွာဝေးကုမ္ပဏီတည်ထောင်သူ ရန် ဇန်ဖိုင် Ren Zhengfei ရဲ့သမီးဖြစ်သူ မန်းဝမ်ဇူးဟာ တရုတ်လွတ်မြောက်ရေးတပ်မတော်ရဲ့ အင်ဂျင်နီယာဟောင်းတယောက်ဖြစ်ပြီး အာမခံနဲ့လွတ်မြောက်ဖို့ အတွက် ကနေဒါတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့ တရားဝင်အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာဖြစ်ပါတယ်။ တရုတ်ဘက်က အဲဒီလုပ်ရပ်ကို အပြင်းအထန်ဆန့်ကျင်လိုက်ပြီး အမေရိကန်ဟာ တရုတ်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အလေးဂရုထားဖို့ တိုက်တွန်းပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်နဲ့ တရုတ်နိုင်ငံသားတယောက်ကို ဖမ်းဝရမ်းထုတ်တဲ့ကိစ္စကို ချက်ခြင်း ပြင်ဆင်ဖို့လည်း ကြေညာချက်မှာပါရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ ဆောင်ရွက်ချက် အပေါ်မူတည်ပြီး သင့်တော်သလို ဆက်လက်တုန့်ပြန်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

Photo: Reuters
RFA Burmese
https://www.facebook.com/rfaburmese/
ဟွာဝေး သူဌေးသမီးကို ဖမ်းတဲ့အတွက် အမေရိကန်သံအမတ်ကို တရုတ်ခေါ်ယူသတိပေး ဟွာဝေး သူဌေးသမီးကို ဖမ်းတဲ့အတွက် အမေရိကန်သံအမတ်ကို တရုတ်ခေါ်ယူသတိပေး Reviewed by THITHTOOLWIN on 11:59 Rating: 5
Powered by Blogger.