ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေကို သွေးထိုးပေးနေကြောင်း သာယဉ်ဝန်ကြီး ပြောဆို


 ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံကို အဆက်မပြတ် အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ သွေးဆောင်ခံထားရသူတွေဖြစ်တယ်လို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ဘင်္ဂါလီတွေကို ပြန်ခွင့်ပြုမှာမဟုတ်ကြောင်း၊ ပြန်လွှတ်လိုက်ရင် လူဦးရေ ကျဆင်းသွားမှာဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းတွေမှာလည်း ဘင်္ဂါလီလူငယ်တွေကို မြန်မာပြည်ကို အလုံးအရင်းနဲ့ ၀င်ရောက်နိုင်ဖို့ သွေးဆောင် လှုံ့ဆော်နေကြောင်း ပြောဆိုခဲ့တာကို NewsWatch သတင်း ဝက်ဆိုဒ်က တင်ထားတဲ့ ဗီဒီယိုမှာ တွေ့ရတယ်လို့လည်း ဖေါ်ပြပါတယ်။

မကြာခင်က မြိုင်ကြီးငူဆရာတော်ရဲ့ ဈာပန အခမ်းအနားကို တက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို ဝန်ကြီး သူရ ဦးအောင်ကို လျှောက်ထားခဲ့ရာမှာလည်း အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီး ၃ / ၄ ယောက်ယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီး ပြောဆိုခဲ့တဲ့ စကားအသုံးအနှုန်းကြောင့် အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ကြပြီး ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မန္တလေးမြို့ မြဝတီဆရာတော် အရှင် အရီယ ဝံသ ကလည်း ဝန်ကြီးပြောဆိုခဲ့တဲ့အစွန်းရောက်ဆိုတာ ဗုဒ္ဓဘာသာအစွန်းရောက်တွေကိုလည်း ဆိုချင်ပုံရကြောင်း၊ ဒါပေမဲ့ ဝန်ကြီးတဦးအနေနဲ့ နိုင်ငံတွင်းက လူ့အသိုင်းအဝိုင်းတွေကြား နားလည်မှုလွဲစေနိုင်တဲ့ စကားလုံးအသုံးအနှုန်းတွေကို သတိဥာဏ်ပညာနဲ့ ရှောင်ရှားဖို့လိုကြောင်း မိန်ကြားပါတယ်။

ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းရာမှာ အစွန်းရောက် ဘာသာတရားတစ်ခုလို့ သုံးနှုန်းတာဟာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းတာ မဟုတ်ဘဲ ဘာသာအသီးသီးရဲ့ ဘာသာရေးအယူအဆ ပြင်းထန်သူတွေကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့တာလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေကို သွေးထိုးပေးနေကြောင်း သာယဉ်ဝန်ကြီး ပြောဆို ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေကို သွေးထိုးပေးနေကြောင်း သာယဉ်ဝန်ကြီး ပြောဆို Reviewed by THITHTOOLWIN on 12:00 Rating: 5
Powered by Blogger.