မိသားစုလိုက် သတ်ပြီး ပြေးလာကြတယ်လို့ သံသယရှိရသူတွေကို မိပြီ

 မြန်မာပြည်ထဲ ဖမ်းမိသူတွေ
မဲဆောက်မြို့ လေးလောင်းပြိုင် လူသတ်မှုမှာ သံသယရှိရတဲ့ ထွက်ပြေးနေသူ ၃ ယောက်ကို ဖမ်းမိပြီ ဖြစ်ပါတယ်။

ဒေါ်ထွန်းမေဆိုတဲ့ အမျိုးသမီးကို မဲဆောက်မြို့ နွားဈေးအနီး ထိုင်းရဲတပ်ဖွဲ့က အင်္ဂါညပိုင်း အချိန် ဖမ်းမိခဲ့ပါတယ်။

ဒေါ်ထွန်းမေက သူ့ရဲ့ခင်ပွန်း အဆွေဆိုသူနဲ့ နောက် အပေါင်းအဖော် ဇော်ဇော်တို့က လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ထိုင်းရဲတွေရှေ့ ထွက်ဆိုခဲ့တယ်လို့ မဲဆောက်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါ့ကြောင့် မြောက်ဦးမြို့သား အဆွေကိုပဲ ဖမ်းဝရမ်း ထုတ်ထားတဲ့ ထိုင်းအာဏာပိုင်တွေဟာ မင်းပြားသား ဇော်ဇော်ကိုပါ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။


ဗုဒ္ဓဟူးနေ့မှာတော့ အဆွေနဲ့ ဇော်ဇော်တို့ နှစ်ဦးကို မြန်မာနိုင်ငံထဲ ဘားအံတစ်ဖက်ကမ်း မြိုင်ကလေးမှာ ဒေသခံတွေ သတင်းပေးချက်အရ မြန်မာ အာဏာပိုင်တွေက ဖမ်းဆီး မိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်၊ မနက်အစော ၃ နာရီ ဝန်းကျင်မှာ မြန်မာမိသားစုလိုက် အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောထားပါတယ်။

အခင်းဖြစ်ရာနေရာဟာ ထာ့ဆိုင်လူးဝါသ်ရပ်ကွက် အပိုင်း ၁ ရဲ့အစွန်အဖျားက တဲတလုံးမှာ ဖြစ်ပါတယ်။

ဦးအဒေါ၊ ဇနီးမခင်လှနဲ့ ၄ လသားကလေးတို့ကို ရိုက်သတ်ထားတာ တွေ့ခဲ့ရပြီး နောက် ၄ နှစ်သားအရွယ် မောင်ပေါက်ဒင် ကို ရေနစ် သတ်ထားတာ ဖြစ်တယ်ဆိုပြီး မဲဆောက်ရဲစခန်းက အမှုလိုက် ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

ဘေးကပ်ရက် တဲမှာ နေထိုင်ပြီး ထွက်ပြေး သွားကြဟန် တူတဲ့ ဦးဆွေ၊ ဒေါ်ထွန်းမေ လင်မယားတို့ကို ထိုင်းရဲက အဲဒီအချိန်ကတည်းက မသင်္ကာ ဖြစ်နေခဲ့တာလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese
မိသားစုလိုက် သတ်ပြီး ပြေးလာကြတယ်လို့ သံသယရှိရသူတွေကို မိပြီ မိသားစုလိုက် သတ်ပြီး ပြေးလာကြတယ်လို့ သံသယရှိရသူတွေကို မိပြီ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.