မူးယစ်မှောင်ခိုကရတဲ့ ငွေမည်း ခဝါချတဲ့ဂိုဏ်းကို ထိုင်းဖမ်း

မူးယစ်လုပ်ငန်းနဲ့ ငွေမည်း ခဝါချတဲ့ ဂိုဏ်းဝင်တွေကို နေရာ ၂၅ နေရာမှာ ထိုင်းမူးယစ်နှိမ်နင်းအဖွဲ့က စီးနင်းရှာဖွေ ဖမ်းဆီးခဲ့
မြန်မာနိုင်ငံဘက်က မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံကတဆင့် နိုင်ငံခြားကို တင်ပို့တဲ့ လုပ်ငန်းနဲ့ မြန်မာနိုင်ငံကနေ ပင်လယ်ရေလမ်းကြောင်းကနေ ပြည်ပကို တင်ပို့တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းက ရတဲ့ ငွေမည်းတွေကို ခဝါချတဲ့ မူးယစ်ဂိုဏ်းဝင်တွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဒီဇင်ဘာလ ၂ဝ ရက်က ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်၊ ဘန်ကောက်နဲ့ ဘန်ကောက် ဆင်ခြေဖုန်း ရပ်ကွက်တွေ အပါအဝင် ၂၅ နေရာကို တချိန်တည်းမှာ စီးနင်း ရှာဖွေခဲ့တာ ဖြစ်ပြီး နိုင်ပရဖန် စဲ့တွမ်နဲ့ နန်တာထော ယော့ဒ်မဟာဝမ် တို့ကို သက်သေခံ ပစ္စည်းတွေနဲ့အတူ မဲဆောက်မြို့မှာ ဖမ်းဆီးလိုက်တာပါ။
ဘတ်ငွေ သန်း ၃ဝဝ ကျော်ဖိုး သက်သေခံ ပစ္စည်းတွေ သိမ်းဆည်းမိ
တကယ်တမ်း မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေ ဖမ်းဝရမ်း ထုတ်ထားတဲ့ သူတွေက နိုင်စီဆုန်ကိတိကွန် ခေါ် ဦးမြင့်အောင်၊ Southern Cross ကျောက်မီးသွေးစက်ရုံ ကုမ္ပဏီပိုင်ရှင် နိုင်ပရဖန် စဲ့တွမ် နဲ့ နန်တာ ထောယော့ဒ် မဟာဝမ် တို့ ဖြစ်ပါတယ်။

နိုင်စီဆုန်ကိတိကွန် ခေါ် ဦးမြင့်အောင်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက မူးယစ်ဆေးဝါးအမှုနဲ့ မြန်မာအစိုးရက ဖမ်းဆီးဖို့ ကြိုးစားကတည်းက ထွက်ပြေး လွတ်မြောက်နေတာပါ။

အဲဒီကတည်းက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ CCDAC က ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ကို အချက်အလက်တွေ ပေးခဲ့လို့ ၂ဝ၁၆ ခုနှစ်က ဘန်ကောက်မြို့မှာ ယာအိုက်စ် ကီလို ၁၁ဝဝ နဲ့ အတူ တရားခံ နှစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီ နောက်ဆက်တွဲ အနေနဲ့ ယာအိုက်စ် ၆၂၁ ကီလိုကို နောက်ထပ် တရားခံ နှစ်ယောက်နဲ့အတူ ထပ်ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီနောက်ဆက်တွဲ ၂ဝ၁၇ ခုနှစ်မှာ ဖမ်းဆီးရမိသူတွေရဲ့ ငွေလမ်းကြောင်းဟာ နိုင်ပရဖန် စဲ့တွမ်နဲ့ နန်တာ ထောယော့ဒ် မဟာဝမ် တို့ဆီ ဝင်နေတယ် ဆိုတာ သိရပြီး နိုင်ပရဖန် စဲ့တွမ်ဟာ နိုင်စီဆုန်ကိတိကွန် ခေါ် ဦးမြင့်အောင်ရဲ့ စကားပြန်လည်းဖြစ်၊ ကုမ္ပဏီ တာဝန်တွေ ယူနေသူလည်း ဖြစ်တာကြောင့် သူတို့ကို ဖမ်းဆီးခဲ့တာလို့ ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်စီဆုန်ကိတိကွန် ခေါ် ဦးမြင့်အောင်ကိုတော့ မဲဆောက်မှာ စီးနင်း ရှာဖွေချိန်မှာ ရှိမနေတဲ့အတွက် မဖမ်းဆီးနိုင်ခဲ့ပါဘူး။

အဲဒီလူတွေဆီက ကား ၆ စီး၊ ဆိုင်ကယ် ၃ စီး၊ အိမ် ၆ လုံး၊ စက်ရုံ ၂ ရုံ၊ မြေဂရမ် ၃ ခု၊ ဘဏ်ငွေစာရင်း စာအုပ် ၃၈ အုပ်၊ သေနတ် ၁ လက်၊ ယာဘ အလုံး ၁၈၀၊ စုစုပေါင်း ဘတ်ငွေ သန်း ၃ဝဝ ကျော်ဖိုး သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး ကျက်ကရထစ် ချိုင်ကျင် က ဒီလို ဖမ်းဆီးလိုက်နိုင်တာဟာ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အိမ်နီးချင်း နိုင်ငံတွေ အားလုံး ဆက်သွယ် လုပ်ဆောင်မှုရဲ့ ရလဒ် ဖြစ်ကြောင်းနဲ့ အဲဒီ လူတွေ မူးယစ်ဆေးဝါး ဆက်လုပ်နိုင်ဖို့ ငွေအားကို ဖြတ်တောက်လိုက်ရာ ရောက်ကြောင်း ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
မူးယစ်မှောင်ခိုကရတဲ့ ငွေမည်း ခဝါချတဲ့ဂိုဏ်းကို ထိုင်းဖမ်း မူးယစ်မှောင်ခိုကရတဲ့ ငွေမည်း ခဝါချတဲ့ဂိုဏ်းကို ထိုင်းဖမ်း Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.