ဘူးသီးတောင်မြို့နယ်တွင် နေအိမ်အတွင်းအိပ်နေစဉ် တပ်မတော်မှခေါ်ဆောင်ခြင်းခံရသူ ပြန်မရောက်သေး


ဘူးသီးတောင်၊ ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နေအိမ်အတွင်းအိပ်နေစဉ် တပ်မတော်မှခေါ်ဆောင်ခြင်းခံရသူသည် ညနေပိုင်းအချိန်ထိ ပြန်မရောက်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာမှ ဦးဌေးအောင်(၃၇ နှစ်) သည် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် သရက်ပြင်ကျေးရွာရှိသူ၏နေအိမ်အတွင်း အိပ်ပျော်နေစဉ် တပ်မတော်က ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

"သူ့ကို ဒီကနေ့မနက်ကနေ ခေါ်သွားတာ။ ခုချိန်ထိ ပြန်မရောက်သေးဘူး။ သူ့ကို ဘယ်မှာထားလဲဆိုတာလဲ ရွာသားတွေမသိကြဘူး။ သူ့အတွက် ရွာသားတွေ စိုးရိမ်နေကြပါတယ်"ဟု သရက်ပြင်ကျေးရွာဒေသခံတစ်ဦးက ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြသည့် အစီရင်ခံစာတွင် "ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်စု၊ သရက်ပြင် ရခိုင်ရွာနေ အဘဦးကျော်ထွန်းအောင်၏သား ဦးဌေးအောင် အသက် (၃၇)နှစ်သည် ၃၁.၁၂.၂ဝ၁၈ နေ့ မိုးသောက် အရုံ (၅းဝဝ)နာရီအချိန်က နေအိမ်တွင် အိပ်နေစဉ် တပ်မတော်မှခေါ်ယူသွားပြီး မည်သည့်တပ်ရင်းမှ ခေါ်ယူသွားသည်ကိုမသိပါကြောင်း ရိုသေလေးစားစွာ အစီရင်ခံတင်ပြအပ်ပါသည်"ဟု ဖော်ပြထားသည်။

ဦးဌေးအောင်အား လက်ရှိတွင် ဘူးသီးတောင်မြို့ရှိ အမှတ်(၁၃)နယ်ခြားစောင့် ရဲတပ်ရင်းတွင် ထိမ်းသိမ်းထားကြောင်းလည်း ဒေသတွင်းသတင်းများအရ သိရသည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
ဘူးသီးတောင်မြို့နယ်တွင် နေအိမ်အတွင်းအိပ်နေစဉ် တပ်မတော်မှခေါ်ဆောင်ခြင်းခံရသူ ပြန်မရောက်သေး ဘူးသီးတောင်မြို့နယ်တွင် နေအိမ်အတွင်းအိပ်နေစဉ် တပ်မတော်မှခေါ်ဆောင်ခြင်းခံရသူ ပြန်မရောက်သေး Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.