စိုင်းတင်ချောင်းထဲတွင် ပစ်ခတ်မှုဖြစ်၍ ဟွန်ဒါစက်လှေမောင်းသူ လူငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိ

( ၎င်းစက်လှေမောင်းသမား၏ ဒဏ်ရာကိုတွေ့ရစဉ်)
နိရဉ္စရာ၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်းထဲ မြိုမချောင်းရွာမှ ဟွန်ဒါစက်လှေမောင်းသူ ရခိုင် လူငယ်တစ်ဦးသည် ခလရ ၂၃၄ တပ်ရင်းအား ဟွန်းဒါ စက်လှေဖြင့် လိုက်ပို့စဉ် လမ်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဘယ်ဘက်လက်မောင်းတွင် သေနတ်ကျည်ဆံထိမှန် ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။

ယခုအခါ ၎င်းလူငယ်အား ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

ဒဏ်ရာရှိသွားသူမှာ မြိုမချောင်းရွာမှ ကို အောင်ကျော်ထွန်း(ခ)ကျွဲချေ(ဘ)ဦးထီးကျော် (၃၄)နှစ်ဖြစ်ပြီး ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း၊ အရိုးကျိုးခြင်းမရှိ ကျည်ဆံက အရိုးအားပွတ်တိုက်သွားခြင်းဖြစ်ကြောင်း၊ ခွဲစိတ်ကူးသရန် လို/ မလို ဘူးသီးတောင်ဆေးရုံတွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း မြိုမချောင်းကျေးရွာမှ ဒဏ်ရာရသွားသူ၏ ညီဖြစ်သူ ကိုမောင်သန်းလှိုင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

ဒီဇင်ဘာ ၁၀ ရက် နေ့လည် ၁၂ နာရီခန့်က စိုင်းတင်ချောင်းဖျားမှ ဆင်းလာသည့် ခလရ ၂၃၄ တပ်ရင်းသည် မြိုမချောင်းနားတွင် စက်လှေသမားများအား လိုက်ပို့ပေးရန် အကူအညီ တောင်းခဲ့ခြင်း ဖြစ်ကြောင်း ကိုမောင်သန်းလှိုင်က ပြောသည်။

“ခလရ ၂၃၄ တပ်ရင်း စိုင်းတင်ချောင်းဖျားက မနေ့က ၁၂ နာရီခန့်လောက်က ဆင်းလာတယ်။ မြိုမချောင်း အနားမှာ စက်လှေရှာတယ် ။စက်လှေရှာတော့ ရခိုင်လူမျိုးမောင်း ဟွန်းဒါ စက်လှေ ၂ စီး၊ ဘင်္ဂလီ စက်လှေ ၄ စီး၊ စုစုပေါင်းစက်လှေ ၆ စီးနဲ့ မြိုမချောင်းကနေ အောက်ကိုဆင်းတယ်။ အဲ့အထဲမှာ ကျွန်တော့်အကို စက်လှေ လည်း ပါတယ်။ ပါတော့ သူက ရှေ့ဆုံးက ကျတယ်။ စက်လှေမောင်းပြီး သွားလို့ လမ်းတစ်ဝက်မှာ ဘယ်ကမှန်းမသိတဲ့ အဖွဲ့ တစ်ဖွဲ့က သေနတ်နဲ့ ပစ်တော့ ကျွန်တော့်အစ်ကိုရဲ့ ဘယ်ဖက်လက်မောင်းမှာ သေနတ် ကျည်ဆံထိသွားပါတယ်”ဟု ကိုမောင်သန်းလှိုင်က ပြောသည်။

စစ်တပ်ဘက်မှ စက်လှေများကို ကမ်းကပ်ခိုင်းကာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဒဏ်ရာရသူများလည်း ရှိကြောင်း ၎င်းက ပြောကြားသည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
စိုင်းတင်ချောင်းထဲတွင် ပစ်ခတ်မှုဖြစ်၍ ဟွန်ဒါစက်လှေမောင်းသူ လူငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိ စိုင်းတင်ချောင်းထဲတွင် ပစ်ခတ်မှုဖြစ်၍ ဟွန်ဒါစက်လှေမောင်းသူ လူငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.