အငြိမ်းစား ဝန်ထမ်းတွေကို လာမယ့်နှစ်ထဲ ပင်စင်လစာ တိုးပေးဖို့ ပြင်နေတယ်လို့ စီမံဘဏ္ဍာဒုဝန်ကြီးပြော

 မြန်မာငွေ ဟာဖောင်းပွ နေတဲ့ကြားက ပင်စင်စား တွေဟာ လစာ အနည်းငယ်သာ ရကြတာပါ
အငြိမ်းစား ဝန်ထမ်းတွေရဲ့ ပင်စင်လစာ အခြေအနေဟာ အရင် ညွန်ကြားရေးမှူးချုပ် ရာထူးနဲ့ ပင်စင်ယူခဲ့တဲ့ သူက အခု ဦးစီးမှူးရာထူးနဲ့ အငြိမ်းစားယူခဲ့သူနဲ့ လစာချင်းဟာ မသွေမကွာ ဖြစ်နေတဲ့အတွက် ရာထူးတူ လုပ်သက်တူရင် ပင်စင်လစာ တူ ပေးဖို့ ရှိမရှိ ခုကျင်းပနေတဲ့ လွှတ်တော်မှာ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်အမှတ် ၅ ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီမေးခွန်းကို ပြန်လည်ဖြေခဲ့ရာမှာ လာမယ့် ၂၀၁၉ ခုနှစ် အတွင်း ပင်စင်လစာတွေတိုးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။

မေးခွန်းမေးမြန်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်ကတော့ ' ရာထူးတူ လုပ်သက်တူရင် ပင်စင်လစာ တိုးဖို့ အစီအစဉ် ရှိမရှိ မေးတာကို ဒုဝန်ကြီး ဖြေသွားတာက လက်ရှိဝန်ထမ်းတွေကို လစာတိုးပေးနိုင်တယ်။ ဒါ့ကြောင့် ပင်စင်စားတွေကိုလည်း တိုးပေးမယ်ပေါ့၊ တကယ်က လစာတိုးတာ မတိုးတာလို ကိစ္စတွေဟာ ကြိုပြောလို့ မရဘူး၊ ကြိုပြောခွင့်လည်း မရှိဘူး' လို့ ဒုဝန်ကြီးရဲ့ အဖြေကို အားရကျေနပ်မှု မရှိဘူးဆိုပြီးတော့ ဘီဘီစီကို ပြောပါတယ်။

ဒီလို လစာတွေတိုးပေးတာဟာ အရင်အစိုးရ လက်ထက်ကတည်းက ပုံမှန်လို တိုးပေးခဲ့ပေမယ့် အခု အစိုးရသစ်လက်ထက်မှာ ရွေးကောက်ပွဲနီးကာမှ တိုးပေးတဲ့ ပုံစံ ဖြစ်နေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ပြောပါတယ်။

လစာတိုးပေးတာဟာ ဝန်ထမ်းတွေရမှာ ဖြစ်လို့ ဒီကိစ္စအပေါ် လွှတ်တော်မှာ ကန့်ကွက်မှာ မဟုတ်ပေမယ့် မြန်မာပြည်မှာ ဖြစ်လေ့ရှိတဲ့ ဝန်ထမ်းလစာတိုးရင် ကုန်ဈေးနှုန်းတက်မယ့် ကိစ္စကို လက်ရှိအာဏာရပါတီက တာဝန်ယူဖြေရှင်းရလိမ့်မယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

မေးခွန်းမေးသူ ဦးရဲထွဋ်ကတော့ ဒုဝန်ကြီးက ၂၀၁၉ မှာ တိုးပေးမယ်လို့ ဖြေသွားတာဟာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်သလို ဖြစ်နေပြီး လစာတိုးပေးမယ့် ကိစ္စဟာ ကြိုပြောသင့်တဲ့ ကိစ္စမဟုတ်ဘူးလို့လည်း ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
အငြိမ်းစား ဝန်ထမ်းတွေကို လာမယ့်နှစ်ထဲ ပင်စင်လစာ တိုးပေးဖို့ ပြင်နေတယ်လို့ စီမံဘဏ္ဍာဒုဝန်ကြီးပြော အငြိမ်းစား ဝန်ထမ်းတွေကို လာမယ့်နှစ်ထဲ ပင်စင်လစာ တိုးပေးဖို့ ပြင်နေတယ်လို့ စီမံဘဏ္ဍာဒုဝန်ကြီးပြော Reviewed by THITHTOOLWIN on 23:57 Rating: 5
Powered by Blogger.