ရခိုင်တွင် ငါးဖမ်းစက်လှေနစ်မြုပ်ပြီး လူ ၅ ဦးသေဆုံ


နိရဉ္စရာ၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနီးရှိ ပင်လယ်ကမ်းခြေ ရေပြင်တွင် ငါးဖမ်းစက်လှေ နစ်မြုပ်ပြီး ငါးဖမ်းသမား ၅ ဦးသေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းငါးဖမ်းစက်လှေသည် ဒီဇင်ဘာ ၉ ရက် နံနက် အစောကြီး ၂ နာရီခန့်က မာန်အောင်ကျွန်း နောက်ဘက် ပင်လယ်ကမ်းခြေတွင် တိမ်းစောင်းနစ်မြုပ်သွားခဲ့သည်ဟု သိရသည်။

သဗြုချိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုလေးက"သူတို့ တွေ ငါးဖမ်းပိုက်ရေအောက်မှာ ငြိပြီး လှေရပ်နားထားရာက တစ်ဘက်ကို တိမ်းစောင်းပြီး မြုပ်ခဲ့တာလို့ သိရပါတယ်"ဟု နိရဉ္စရာသို့ပြောသည်။

ငါးဖမ်း စက်လှေနစ်မြုပ်ချိန်တွင် ငါးဖမ်းသမား ၁၀ ဦး ပါဝင်ကြောင်း၊ ငါးဖမ်းပိုက်မှာ ရေအောက်ကျောက်တွင် ငြိနေရာ ရပ်နားထားရာမှ ဒီရေတက်လာချိန်တွင် လှေတိမ်းစောင်းပြီး နစ်မြုပ်ခဲ့ရာ ၅ ဦးမှာ သေဆုံးခဲ့ပြီး ကျန် ၅ ဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ ဂျိတ္တော ရပ်ကွက် မှ ကိုမြသန်း(၄၃)နှစ်၊ သဗြုချိုင်ကျေးရွာနေ ကိုဘသော်(၄၃)နှစ်၊ သံတွဲမြို့ရွှေကျောင်းပြင်ကျေးရွာမှတစ်ဦး၊ ရသေ့တောင်မြို့မှ တစ်ဦး၊ ရမ်းဗြဲမြို့မှတစ်ဦး တို့ဖြစ်ပြီး သံတွဲမြို့နယ်မှ သေဆုံးသူ သုံးဦးမှာ ၄င်းတို့နေအိမ်သို့ ရောက်ရှိနေပြီဟု လိုက်ပါကူညီပေးနေသူ ဦးကယားကြီးက နိရဉ္စရာသို့ပြောသည်။

"ဂျိတ္တောက တစ်ယောက်။သပြုချိုင်က တစ်ယောက်နဲ့ ရွှေကျောင်းပြင်ရွာက တစ်ယောက်ကိုတော့ နာရေးကူညီမှုအသင်းနဲ့ လင်းသာအုပ်ချုပ်ရေးမှူး၊ သပြုချိုင်အုပ် ချုပ်ရေးမှူးစတဲ့ အဖွဲ့တွေက လိုက်ပါ ကူညီပြီး သူတို့ နေအိမ်ကို ပို့ဆောင်ပြီးပါပြီ။သူတို့ကို မနက်ဖြန်သဂြိုလ်မှာပါ။ ရသေ့တောင်နဲ့ ရမ်းဗြဲက နှစ်ဦးကတော့ သူ့မိသားစုတွေ လိုက်လာနေပြီလို့ သိရပါတယ်။ သူတို့ကိုလည်း မနက်ဖြန် တစ်ရက်တည်းပဲ ဒီဂျိတ္တော မှာ သဂြိုလ်မယ်လို့ သိရပါတယ်"ဟု ဦးကယားကြီးကပြောသည်။

နစ်မြုပ်သွားသော ငါးဖမ်းစက်လှေသည်သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာကဖြစ်သည်ဟု သိရသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
ရခိုင်တွင် ငါးဖမ်းစက်လှေနစ်မြုပ်ပြီး လူ ၅ ဦးသေဆုံ ရခိုင်တွင် ငါးဖမ်းစက်လှေနစ်မြုပ်ပြီး လူ ၅ ဦးသေဆုံ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.