ဂုတ်တွင်းလမ်းပိုင်း ကျောက်မဲမြို့ဘက်ခြမ်းတွင် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး ကျွန်းပင်ဝင်တိုက်မိရာ တစ်ဦးသေဆုံး


ရှမ်းပြည်နယ်(မြောက်ပိုင်း) ဂုတ်တွင်းလမ်းပိုင်း ကျောက်မဲမြို့ဘက်ခြမ်းတွင် ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး အရှိန် မထိန်းနိုင်ဘဲ ကျွန်းပင်အား ဝင်တိုက်ရာ ယာဉ်ပိုင်ရှင် တစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရှိရသည်။

ကျောက်မဲဘက်မှ နောင်ချိုမြို့ဘက်သို့ ကုန်စုံတင်ထားသည့် ၁၂ ဘီးယာဉ်သည် ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင် ၈၇ အနီးတွင် ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီခန့်က ကွေ့အဆင်း၌ အရှိန်မထိန်းနိုင်ကာ ကျွန်းပင်အားဝင် တိုက်မိရာမှ ကားနှင့် သစ်ပင်ကြားတွင် ညပ်မိကာ သေဆုံးခဲ့ပြီး ခက်ခဲစွာ ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

“ဂုတ်တွင်းမှာ ကားကဘရိတ်ပေါက်ပြီးတော့ လမ်းဘေးထိုးကျပြီးတော့ သစ်ပင်ဝင်တိုက်တာပါ။ သစ်ပင်နဲ့ ညပ် သွားတာပါ။ အုံနာစပယ်ရာ သေဆုံးသွားတာပါ။ ခက်ခက်ခဲခဲထုတ်ခဲ့ရပါတယ်။ ထုတ်ပြီးတော့ ကျောက်မဲဆေး ရုံကို ပို့ဆောင်ပေးခဲ့တာပါ။”ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ ကိုစိုင်းနေအောင်က ပြောသည်။


ယခုရက်ပိုင်းတွင် မိုးအနည်းငယ်ရွာသွန်းခဲ့မှုကြောင့် မန္တလေး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးတွင် နေ့စဉ် နီးပါး ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ရာသီဥတုမျိုးကတော့ ယာဉ်မောင်းတွေအတွက် အရမ်းကို ဂရုစိုက်သင့်ပါတယ်။ ဒီလမ်း ပေါ်မှာ ဒီရက်ပိုင်းနေ့တိုင်းဆိုသလို ယာဉ်မတော်တဆမှုတွေ ဖြစ်ခဲ့တယ်။ ဖြစ်ပြီဆိုတာနဲ့ သေဆုံးသူ ဒဏ်ရာ ရသူတွေဖြစ်ရပါတယ်။” ဟု အဆိုပါလမ်းတွင်သွားလာနေသည့် ကားလေးယာဉ်မောင်း ကိုနေက ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းကြောင့် တောင်းတွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်နေသူ ၁၂ ဘီး ယာဉ် မောင်း ရဲဇော်(၃၃)နှစ်အား ကျောက်မဲမြို့မရဲစခန်းမှ ယာဉ်(ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အရေးယူအမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဂုတ်တွင်းလမ်းပိုင်း ကျောက်မဲမြို့ဘက်ခြမ်းတွင် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး ကျွန်းပင်ဝင်တိုက်မိရာ တစ်ဦးသေဆုံး ဂုတ်တွင်းလမ်းပိုင်း ကျောက်မဲမြို့ဘက်ခြမ်းတွင် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး ကျွန်းပင်ဝင်တိုက်မိရာ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:04 Rating: 5
Powered by Blogger.