ကာကွယ်ရေးဦးစီးချုပ်ကို တီးတိန်အသင်းက သူရဲကောင်းဘွဲ့ပေး

 ခေတ်ဟောင်းက ချင်းသူရဲကောင်းတွေကို အစွဲပြုပြီးပေးတဲ့ ဘွဲ့
တီးတိန် (ဇိုမီး) အသင်း (ရန်ကုန်)က ဒီဇင်ဘာ (၄)ရက်နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ ချင်းသူရဲကောင်းဘွဲ့ ( Gal Jang Pah Tawi Na Award) ကို ပေးအပ်လိုက်ပါတယ်။

တီးတိန် (ဇိုမီး)အသင်း (ရန်ကုန်) ဟာ ကက်သလစ် ဘုန်းတော်ကြီး Rev. Fr. Joseph Tang Nen Zo Mung တို့နဲ့ အတူ နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သွားရောက်တွေ့ဆုံစဉ်မှာ ဦးဆောင်သွားရောက်ခဲ့တဲ့ တီးတိန် (ဇိုမီး) အသင်း (ရန်ကုန်) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကပ်ကမ်းပေါင်က ခရစ္စမတ်နှုတ်ခွန်းဆက်ဖို့ သွားရောက်ရင်း ခရစ္စတော်ကြွလာတဲ့ ဒီရာသီမှာ မကောင်းတာ မပြောပဲ ချစ်ခြင်းမေတ္တာတွေနဲ့ တယောက်နဲ့တယောက် စကားပြောဖြစ်တယ်လို့ ဆိုပါတယ်။

သူက "ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် အဖွဲ့အစည်းမှာ အကြီးဆုံးလူကိုသူရဲကောင်းဆု မပေးရင် ဘယ်သူပေးရမလဲ။ အခုလိုဘွဲ့ပေးတယ်ဆိုတာ ၂၀၁၀ ရွေးကောက်ပွဲမှာ တပ်မတော်က ဦးဆောင်ပေးတယ်။ သူတို့ မလုပ်ရင် သွေးထွက်သံယိုမှု ရှိနိုင်တယ်။ ငြိမ်းချမ်းရေးကိုလည်း လိုလိုလားလား လုပ်ဆောင်ပေးတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအဖွဲ့အားလုံးအတွက် စံပြဖြစ်ထိုက်လားဆိုပြီးတော့ ဒီလိုပေးရတာဖြစ်ပါတယ်" လို့ပြောပါတယ်။

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့နဲ့ပါ တွေ့ဆုံဖို့ ခွင့်တောင်းထားခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်က အရင်ဆုံးတွေ့ခွင့်ပေးတာကြောင့် အခုလို တွေ့ဆုံ ဖြစ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ချင်းပြည်နယ်ဖွံ့ဖြိုးရေး အတွက် လုပ်ချင်တယ်လို့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပြီး ဒီလို ပြောဆိုမှုကို ဦးကပ်ကမ်းပေါင်က ကြိုဆိုတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ဖြစ်တာကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေသာမက ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ တပ်မတော်ပါ ဝင်ရောက်ကူညီ မှသာ အဆင်းရဲဆုံးပြည်နယ်ကနေ လွတ်မြောက်နိုင်မှာ ဖြစ်ကြောင်း သွားရောက်တွေ့ဆုံသူတွေက ဆိုပါတယ်။

ပေးခဲ့တဲ့ ချင်းသူရဲကောင်းဘွဲ့ ( Gal Hang Pah Tawi Na Award) ဟာ မြောက်ပိုင်းချင်းတိုင်းရင်းသားတွေရဲ့ အမြင့်ဆုံး သူရဲကောင်းဘွဲ့ဖြစ်ပြီး ချင်းသူရဲကောင်းဘွဲ့ဓားမှာ ချင်းတိုင်းရင်းသား သူရဲကောင်းများ ကိုင်ဆောင်တဲ့ ဓားနဲ့ ပုံစံတူ လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပမယ့် အခုလို ပေးတာနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ အငြင်းအခုံတွေဖြစ်ခဲ့ပြီးတော့ ဒါဟာ တီးတိန်အသင်းရဲ့ သဘောထားပဲဖြစ်ပြီး ချင်းတမျိုးသားလုံးကိုတော့ ကိုယ်စားမပြုဘူးလို့ ပြောဆိုနေကြပါတယ်။

အများအားဖြင့် အရင်က အမဲလိုက်ရင်း အမဲကောင်ရေ အများဆုံးရတဲ့သူတွေကို သူရဲကောင်းဆု ပေးလေ့ရှိပြီး အခုလို ကာကွယ်ရေး ဦးစီးချုပ်ကို ဘာကြောင့်ပေးရတာလဲဆိုတာ နားမလည်ကြောင်း ချင်းပြည်နယ် တီးတိန်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပူးဂင်ကမ်းလျန်က ဆိုပါတယ်။

"ပေးတဲ့လူက ဘာလို့ပေးလဲ၊ ယူတဲ့လူကကော ဘာလို့ယူလဲ ဆိုတာ အကြောင်းပြချက်ကတော့ ရှိမှာပေါ့။ လူတိုင်းသိတာပဲ ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်မှာ အဓိက တာဝန်ရှိတာသိတာပဲ။ တပ်မတော်က ကာကွယ်တယ်၊ လုပ်ပေးတယ်ဆိုတာကတော့ လက်ခံနိုင်စရာ အကြောင်းကို မရှိတာ၊ တိုင်းရင်းသားတွေ သိက္ခာကျတယ်။"လို့ ပူးဂင်ကမ်းလျန် က ဆိုပါတယ်။

လူထု ရွေးချယ်တဲ့ အဖွဲ့အစည်းလည်းမဟုတ် ကိုယ်စားလှယ်မဟုတ်တဲ့အတွက် ကန့်ကွက်စရာမလိုသလို ချင်းလူမျိုးတွေကိုလည်း ကိုယ်စားမပြုဘူးလို့ ပူးဂင်ကမ်းလျန်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
ကာကွယ်ရေးဦးစီးချုပ်ကို တီးတိန်အသင်းက သူရဲကောင်းဘွဲ့ပေး ကာကွယ်ရေးဦးစီးချုပ်ကို တီးတိန်အသင်းက သူရဲကောင်းဘွဲ့ပေး Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.