ဂန့်ဂေါက ပေါ်လယ်ကျေးရွာမှာ ခရစ္စမတ်ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့အိမ်ကိုခဲတွေနဲ့ ပစ်ပြီးဖျက်ဆီး

ခဲနဲ့အပစ်ခံရလို့ နေအိမ်အစိတ်အပိုင်းတချို့ပျက်စီး
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ မြို့နယ် ပေါ်လယ်ကျေးရွာမှာ ဒီဇင်ဘာ ၁ရ ရက်နေ့ညပိုင်းက ခရစ္စမတ် ပွဲတော်ကျင်းပဖို့ ပြင်ဆင်ချက်ပြုတ်နေတဲ့နေအိမ်ထဲကို ရွာသားအချို့က ခဲနဲ့ဝိုင်းပစ်လို့ ဆိုပြီး နေအိမ်ပိုင်ရှင် ဦးဝါဒေါင်က ဂန့်ဂေါမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ဦးဝင်းထွဋ် ကဘီဘီစီကိုပြောပါတယ်။

ခဲနဲ့အပစ်ခံရလို့ နေအိမ်ပျက်စီးသွားခဲ့တဲ့ ကာယကံရှင်ဦးဝါဒေါင်က တရားလို ပြုလုပ်ပြီး သာမန်နာကျင် ဒဏ်ရာရစေမှု ပုဒ်မ ၃၃၇၊ အကျိုးပျက်စီးစေမှု ပုဒ်မ ၄၂၇တို့နဲ့ အမှုဖွင့်တိုင်တန်း ထားတယ်လို့သိရပါတယ်။

နေအိမ်ကို ခဲနဲ့ဝိုင်းပစ်ခံရအပြီးမှာတော့နေအိမ်ပိုင်ရှင် ဦးဝါဒေါင်နဲ့ မိသားစုဦးဝါဒေါင်နဲ့ မိသားစုဟာ ဂန့်ဂေါမြို့ပေါ်မှာ လတ်တလော လာရောက်နေထိုင်နေတယ်လို့လည်း ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ဘီဘီစီကိုပြောပါတယ်။


"အဲဒီနေ့ညက လူဦးရေ ၂၀ လောက်တော့ရှိမယ်၊ ကျွန်တော်တို့ ချက်ပြုတ်ပြီးမှ ဘုရားရှိခိုးကျောင်းကို တက်ရအောင်ဆိုပြီးအိမ်အပေါ်တက်တယ်၊ ဆုမတောင်းခင်လေးမှာပဲ အရှေ့အနောက်တောင်မြောက် ကနေ ခဲတွေပစ်လာကြတာပဲ၊ ဒီမတိုင်ခင်မှာ စကားများထားတာ ဘာညာလည်းမရှိဘူး၊ ဆူဆူညံညံလည်း ကျွန်တော်တို့မလုပ်ခဲ့ဘူး'' လို့ ခဲနဲ့ဝိုင်းပစ်ခံရတဲ့အချိန်မှာ ရှိနေခဲ့သူဖြစ်တဲ့ သင်းအုပ်ဆရာ ဦးဆန်ခေါ်က ဖြစ်စဉ်ဖြစ်ပွားခဲ့ပုံကို ပြန်လည်ပြောပြပါတယ်။

ခဲနဲ့အပစ်ခံရတဲ့အတွက် ဒဏ်ရာရရှိသူ ၆ ဦးအနက် ၈ တန်းကျောင်းသူ ၁ ဦးနဲ့ အမျိုးသား ၁ ဦးမှာ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ဂန့်ဂေါမြို့နယ်ဆေးရုံမှာ တက်ရောက်ကုသနေရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

"ဖြစ်တဲ့နေ့ကတည်းက ပေါ်လယ်ကျေးရွာကို မင်းရွာ အုပ်ချုပ်ရေးမှုးရယ်၊ ရဲကင်းမှူးရယ် ကို ရွာကို လွှတ်ထားတယ်၊ အခုထိလည်း လုံခြုံရေး ယူပေးထားတယ်၊ မနေ့ကတည်းက အမှုဖွင့် ထားတာပါ၊ တရားခံကိုတော့ အယောက် ၃၀ ဦး ခန့်လို့ တိုင်ထားတယ် ကာယကံရှင်က မီးမှောင်နေတော့ တရားခံတွေကို သေချာမသိလိုက်ဘူးလို့ပြောတယ်၊ ဒါမျိုးထပ်မဖြစ်အောင် အမှုစစ်ကိုလည်း ဖိအားပေးပြီး တရားခံတွေကို မပေါ်ပေါ်အောင် စစ်ဆေးအရေးယူသွားမှာပါ'' ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးဝင်းထွဋ် က ပြောပါတယ်။
ပွဲတော်ကျင်းပဖို့ပြင်ဆင်နေစဉ် ခဲနဲ့အပစ်ခံခဲ့ရတာဖြစ်
ပေါ်လယ်ကျေးရွာမှာ အိမ်ခြေ ၅၂ အိမ်ရှိတဲ့အနက် ခရစ်ယာန်ဘာသာဝင်မှာ အိမ် ၄ အိမ်မှာ နေထိုင် သူက ၁၉ ဦးသာရှိပြီး ကျန်တဲ့နေအိမ်တွေကတော့ ဗုဒ္ဓဘာသာဝင်တွေနေထိုင်ကြတာလို့လည်း ဦးဆန်ခေါ်က ပြောပါတယ်။

"ကျွန်တော်ကိုယ်တိုင်လည်း အဲဒီရွာမှာ အိမ်ဆောက်ထားတာရှိပါတယ်၊ ဒါပေမယ့် ရွာကလူတွေက နေခွင့်မပေးလို့ ဂန့်ဂေါကနေပဲသွားပါတယ်'' လို့ ရွာရဲ့အခြေအနေကို သူကပြောပြပါတယ်။

အခုလို လူနည်းစုတချို့ကို မောင်းထုတ်တာမျိုး အရင်ကဖြစ်ပွားခဲ့ဖူးတာမျိုးရှိတယ်လို့ ခံရသူအချို့က ပြောပေမယ့်လည်း တရားဝင် ရဲစခန်းကို လာရောက် တိုင်ကြားတာမျိုးတော့ မရှိခဲ့ဖူးဘူးလို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဖြစ်သူဦးဝင်းထွဋ် ကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဂန့်ဂေါက ပေါ်လယ်ကျေးရွာမှာ ခရစ္စမတ်ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့အိမ်ကိုခဲတွေနဲ့ ပစ်ပြီးဖျက်ဆီး ဂန့်ဂေါက ပေါ်လယ်ကျေးရွာမှာ ခရစ္စမတ်ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့အိမ်ကိုခဲတွေနဲ့ ပစ်ပြီးဖျက်ဆီး Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.