ဦးလေးဖြစ်သူမှ တူမအရင်းတော်စပ်သူအား သတ်၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွား

ဦးလေးဖြစ်သူမှ တူမအရင်းတော်စပ်သူအား သတ်၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသဖြင့် အရေးယူထား
နေပြည်တော်၊ ဒီဇင်ဘာလ ၁၅

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့် က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာမှာ ဦးလေးဖြစ်သူမှ တူမအရင်းတော်စပ်သူအား သတ်၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသဖြင့် အရေးယူထားကြောင်း သိရပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့် က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာနေ ဦးဝင်းဇော်ဦး သည် ၎င်း၏ သမီးဖြစ်သူ မမိုးဝဿန်(၈)နှစ် (ဒုတိယတန်း)မှာ မြို့သစ်အခြေခံမူလတန်းလွန်းကျောင်းသို့ နေအိမ်မှ စက်ဘီးဖြင့် ကျောင်းသွား တက်ခဲ့ပြီး နေ့လည် ထမင်းစားချိန်၌ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ကျောင်းသို့ သွားရောက်မေးမြန်းခဲ့ပါသည်။

ကျောင်းသို့ သွားရောက်မေးမြန်းစဉ် ကျောင်းမတက်ကြောင်း သိရှိရသောကြောင့် သမီးဖြစ်သူ မမိုးဝဿန် အား ကူညီစုံစမ်းရှာဖွေပေးရန် အေလာနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းနှင့် အတူလိုက်လံ ရှာဖွေ ခဲ့ပါသည်။

 နေပြည်တော်လေဆိပ်၊ လေယာဉ်ကွင်းခြံစည်းရိုးဝင်း၊ ပိုင်အိုးနီးယားရုံး၏ အနောက်မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ အမှိုက်ပုံအဟောင်းအနီး၌ မမိုးဝဿန် အား လည်ပင်း/မျက်နှာ တို့တွင် ညိုမဲ ဒဏ်ရာများ ရရှိကာ သေဆုံးလျက်တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက် စွပ်(၁)ကွင်း၊ ရွှေနားဆွဲ(၁)ရံနှင့် စက်ဘီး(၁)စီး စုစုပေါင်းတန်ဖိုးငွေကျပ်(၈၈၀၀၀၀)တို့မှာ ပျောက် ဆုံးနေသည်ကို သိရှိရသည်။

အဆိုပါ လူသတ် ပစ္စည်းယူ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းချက်အရ အေလာ နယ်မြေရဲစခန်း (ပ)၁၉၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက တရားခံဖမ်းဆီးရမိရေးအတွက် နယ်မြေအတွင်း လိုက်လံစုံစမ်းခဲ့ရာ အခင်း ဖြစ်နေ့ နံနက်ပိုင်းက မမိုးဝဿန် အား ၎င်း၏ ဦးလေးဖြစ်သူ ကျော်ရဲ(ခ)ဇော်လင်းအောင်(၂၄)နှစ် မှ ဆိုင်ကယ်(၁)စီးဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရ၍ ကျော်ရဲ(ခ)ဇော်လင်းအောင် အား သက်သေ များနှင့်အတူ ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကျော်ရဲ(ခ)ဇော်လင်းအောင် မှာ လောင်းကစားရှုံး၍ အကြွေးပေးရန်နှင့် ဆိုင်ကယ်ပြန်ရွေးရန်ငွေလိုသဖြင့် မမိုးဝဿန် အား မုန့်ကျွေးမည်ပြောဆိုကာ ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် မမိုးဝဿန် အား ရွှေထည်ပစ္စည်းများပေးရန်တောင်းခဲ့ရာ မပေးဘဲ ငြင်းဆိုနေသဖြင့် အခင်းဖြစ်နေရာသို့ ခေါ်ဆောင်ကာ ဆွဲကြိုးဖြုတ်စဉ် အော်ဟစ်နေသောကြောင့် ပါးစပ်ပိတ်၍ လည်ပင်း အား ညှစ်ခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်းနှင့် မမိုးဝဿန် ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများအား ဖြုတ်၍ ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကျော်ရဲ(ခ)ဇော်လင်းအောင် အား ဖမ်းဆီးပြီး အေလာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဦးလေးဖြစ်သူမှ တူမအရင်းတော်စပ်သူအား သတ်၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွား ဦးလေးဖြစ်သူမှ တူမအရင်းတော်စပ်သူအား သတ်၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွား Reviewed by THITHTOOLWIN on 14:54 Rating: 5
Powered by Blogger.