တပ်မတော်က ဖမ်းဆီးခေါ်သွားသူကို မိသားစုတွေ့ခွင့်မရ

ဓာတ်ပုံ-ဖမ်းဆီးခံနေရသည့် ဦးဌေးအောင်
ဒီဇင်ဘာလ ၃၁၊စစ်တွေ

ဘူးသီးတောင်မြို့နယ်၊သရက်ပြင်ကျေးရွာမှ အသက် (၃၇) နှစ်အရွယ် ဦးဌေးအောင်ကို ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်နေ့)၊နံနက် ၅ နာရီကျော်အချိန်ခန့်က တပ်မတော်က ဖမ်းဆီးခေါ်ယူသွားသောကြောင့် မိခင်ဖြစ်သူက သွားတွေ့ရာတွင် တွေ့ခွင့်မရရှိခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သိန်းချေက DMG ကိုပြောသည်။

ဦးဌေးအောင်ကို ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(၃)တွင်ထိန်းသိမ်းထားသောကြောင့် မိသားစုဝင်များက သွား ရောက်ခဲ့စဉ်တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)က စစ်ဆေးနေပြီး ရဲတပ်ဖွဲ့ သို့ မအပ်သေးဟုဆိုကာ တွေ့ခွင့်မပေးဘဲ ဇန်နဝါရီလ ၁ ရက်နေ့တွင်သာ လာရောက်ရန် အကြောင်းပြန်လိုက်သည်ဟု ဒေါ်သိန်းချေက ပြောသည်။

“ကျွန်မတို့ မနက်ကတည်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(၃)ကိုသွားပြီး စောင့်နေတယ်။ အခုညနေ ၄ နာရီအထိတွေ့ခွင့်မရဘူး။ ဒါကြောင့် ပြန်တော့မှာပါ "ဟု ဒေါ်သိန်းချေက ဆိုသည်။

ကိုဌေးအောင်ကို နေအိမ်တွင် အိပ်နေစဉ်ခေါ်သွားခြင်းဖြစ်ပြီး ကနဦးတွင် မည်သည့်နေရာသို့ ခေါ်ယူသွား ခြင်းကို မသိရှိရခဲ့ပေ။ယင်းကိစ္စကို ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ နံနက်ပိုင်းတွင် တင်ပြထားသည်။

ဦးဌေးအောင်ကို ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ DMG ကဆက်သွယ်ခဲ့ရာ ဖမ်းဆီးရခြင်းအကြောင်းအရင်းများကို မသိရှိဟုဆိုသည်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိဘူး။ စခန်းကိုမေးပါ ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(၃)သို့ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ဖုန်းတင့်ထံသို့ ဆက် လက်ဆက်သွယ်ခဲ့ရာ သူ၏ကားသမားဆိုသူက ဗိုလ်မှူးကြီး ဖုန်းတင့်အလုပ်များနေ၍ မအားသေးဟုဆိုသော ကြောင့် အဆက်အသွယ်မရရှိခဲ့ပေ။

ချလူးအောင်/DMG
Development Media Group
https://www.facebook.com/dmgnewsagency
တပ်မတော်က ဖမ်းဆီးခေါ်သွားသူကို မိသားစုတွေ့ခွင့်မရ တပ်မတော်က ဖမ်းဆီးခေါ်သွားသူကို မိသားစုတွေ့ခွင့်မရ Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.