ဗိုလ်ချုပ်ယွက်ဆစ် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွဲရိုက်ထားတဲ့ဓာတ်ပုံ နဲ့ NLD မဲဆွယ်တာကို RCSS လက်မခံ

ဗိုလ်ချုပ်ယွက်ဆစ် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွဲရိုက်ထားတဲ့ ဓာတ်ပုံ
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွက်ဆစ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းက မဲဆွယ်တာဟာ သူတို့ နဲ့ မပတ်သက်ကြောင်း RCSS က ထုတ်ပြန်လိုက်ပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဦးက 'သူတိုအနေနဲ့ ဒီလိုထုတ်ပြန်တာဟာ ဘယ်နိုင်ငံရေးပါတီနဲ့မှ ပတ်သက်ဆက်နွယ်တာ မရှိကြောင်း၊ ပြည်သူတွေသိအောင် နဲ့ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်ဆိုတာ သိအောင် အချိန်မှီထုတ်ပြန်ရတယ်ဖြစ်တယ်' လို့ ဘီဘီစီကို ပြောပါတယ်။

 RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတပ်ဖွဲ့
လဲချား NLD ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ထွန်းလေး က ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ RCSS ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွက်ဆစ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ပါတီ မဲဆွယ်စည်းရုံး လက်ကမ်းစာစောင်မှာ ထည့်သွင်းဖော်ပြပြီး မဲဆွယ်ခဲ့တာလို့ RCSS က ထုတ်ပြန်တာပါ။

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က 'သူတို့ကို တခြားပါတီတွေက ဗမာပါတီဆိုပြီး မဲဆွယ်ရာမှာ ပြောဆိုတာကြောင့် တိုင်းရင်းသားတွေ နဲ့ အတူလက်တွဲလုပ်ခဲ့တယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ဒီလိုသက်သေပြတာဖြစ်တယ်' လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရ သက်တမ်း ရဲ့ ဒုတိယ အကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။

အမျိုးသားလွှတ်တော် (၁) နေရာ၊ ပြည်သူ့လွှတ်တော် (၄) နေရာ၊ တိုင်းလွှတ်တော် အသီးသီး ကိုယ်စားလှယ် (၇) နေရာ နဲ့ ရှမ်း တိုင်းရင်းသားရေးရာဝန်ကြီး (၁) နေရာ အတွက်ဖြစ်ပြီး ရှမ်းပြည်နယ် လဲချားမှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အတွက် ရွေးချယ်ရမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဗိုလ်ချုပ်ယွက်ဆစ် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွဲရိုက်ထားတဲ့ဓာတ်ပုံ နဲ့ NLD မဲဆွယ်တာကို RCSS လက်မခံ ဗိုလ်ချုပ်ယွက်ဆစ် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွဲရိုက်ထားတဲ့ဓာတ်ပုံ နဲ့ NLD မဲဆွယ်တာကို RCSS လက်မခံ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.