ရန်ကုန်တိုင်းက Eco Green City အိမ်ရာ စီမံကိန်း လာမယ့် ၂၀၁၉ မှာ စတင်မယ်

လှည်းကူးမြို့နယ်က Eco Green City

စီမံကိန်း ခွင့်ပြုခဲ့တာ ၂ နှစ်ကျော် ကြာပြီဖြစ်တဲ့ Eco Green City အိမ်ရာ စီမံကိန်းကို လာမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမှာ စတင်လုပ်ဆောင်တော့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ထဲမှာ တည်ဆောက်မယ့် Eco Green City စီမံကိန်းကို သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက် တာဝန်လွှဲပြောင်းဖို့ ၅ ရက် အလို ၂၀၁၆ ခုနှစ် မတ်လ ၂၆ ရက်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

စာချုပ်ပါ စည်းကမ်းအရ စာချုပ်ချုပ်ပြီးချိန်က စလို့ ၆ လ အတွင်း လုပ်ငန်းလက်ခံသူက စတင် အကောင်အထည် မဖော်ရင် စာချုပ်ကို ရပ်စဲနိုင်တယ်လို့ ဖော်ပြထားပေမယ့်လည်း ၂ နှစ်ကျော် ကြာတဲ့အထိ စီမံကိန်းကို အကောင်အထည် မဖော်ဘဲ ရှိနေခဲ့ပါတယ်။

ဒါကြောင့် မနေ့က နိုဝင်ဘာ ၁၃ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဒီစီမံကိန်းနဲ့ ပတ်သက်လို မေးခွန်းမေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းဟာ အစိုးရက ရပိုင်ခွင့်နည်းနေပြီး၊ ကုမ္ပဏီက ရပိုင်ခွင့် ပိုရနေတဲ့အတွက် စာချုပ်ကို ပြန်လည်ချုပ်ဆိုဖို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တချို့ကလည်း ပြောဆိုထားပါတယ်။ စာချုပ်မပြင်ရင် စီမံကိန်းကို ကန့်ကွက်ဖို့လည်း လွှတ်တော်ကိုယ်စားလှယ်တချို့က ပြင်ဆင်ထားပါတယ်။

Eco Green City အိမ်ရာ စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Alliance Star Group of Companies တို့အကျိုးတူ ပူပေါင်း လုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုထားတာပါ။

ဒါကြောင့်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဒီစီမံကိန်းနဲ့ပတ်သက်လို့ စာချုပ်ပြန်လည် ပြင်ဆင်ချုပ်ဆိုဖို့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ ညှိနှိုင်းခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ စတင်ဖို့ ဖြစ်လာခဲ့တာလို့ မနေ့က လွှတ်တော်မှာ လာရောက်ပြောဆိုပါတယ်။

လှည်းကူးမြို့နယ်မှာ အကောင်ထည်ဖော်မယ့် Eco Green City အိမ်ရာ စီမံကိန်း
စီမံကိန်း ဧက ၁၄၅၃ ဧကမှာ လမ်း၊ ရေမြောင်း၊ လျှပ်စစ်၊ ကျောင်းအတွက်ဖယ်ပြီး ကျန်တဲ့ မြေဧက ၁၀၀၆ ဧကကို ဆောက်လုပ်ရေးနဲ့ ကုမ္ပဏီတို့ ၂၀ အချိုး ၈၀ ခွဲဝေယူပြီး၊ မြေဧက ၂၀၁ ဧကမှာ တန်ဖိုးနည်း အိမ်ရာယူနစ် ၄ ထောင် ဆောက်လုပ်သွားမယ်လို့ ပြင်ဆင်ချုပ်ဆိုလိုက်တဲ့ စာချုပ်အရ စီမံကိန်းမှာ လုပ်ဆောင်မယ့် ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

ဒါအပြင် သက်ဆိုင်ရာ ကုမ္ပဏီအနေနဲ့နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ တက္ကသိုလ်၊ ကျောင်း၊ ဆေးရုံတွေလည်း တည်ဆောက်ရမယ့်အပြင်၊ ဂေါက်ကွင်းနဲ့ ဈေးဝယ်စင်တာတွေပါ ဆောက် လုပ်မယ်လို့လည်း ဆိုပါတယ်။

ဒီစီမံကိန်း နေရာဟာ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၃ ဖာလုံ အနီးမှာ တည်ရှိပါတယ်။ ပြင်ဆင်လိုက်တဲ့ စာချုပ်ပါ အချက်အလက်တွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု့ ကော်မရှင်ထံ ပြန်လည် တင်ပြပြီး ခွင့်ပြုပေးတာနဲ့ စတင်ဆောက်ရွက်မယ်လို့ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရန်ကုန်တိုင်းက Eco Green City အိမ်ရာ စီမံကိန်း လာမယ့် ၂၀၁၉ မှာ စတင်မယ် ရန်ကုန်တိုင်းက Eco Green City အိမ်ရာ စီမံကိန်း လာမယ့် ၂၀၁၉ မှာ စတင်မယ် Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.