တရုတ်ငွေယွမ် ၅ သောင်းဖြင့် တရုတ်ညီအစ်ကိုနှစ်ဦးထံ လိမ်လည်ရောင်းစားမှုဖြစ်ပွား


မုနိမြီ၊ နိုဝင်ဘာ ၇

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး(၂)၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၊ နေ့ခင်း ၁ နာရီခန့်တွင် တရုတ်အမျိုးသားညီအစ်ကို (၂)ဦးထံသို့ ယွမ် ၅၀,၀၀၀ ဖြင့် ရောင်းစားခံလိုက်ရသည့် ကိုယ်ဝန်သည်တစ်ဦးနှင့် ကချင်တိုင်းရင်းသူတစ်ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ နှစ်ဦးမှာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နေ မခင်ဖူးငုံ(၂၂)နှစ် ကိုယ်ဝန်(၆)လနှင့် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၊ လွယ်ကန်ကျေးရွာအုပ်စု၊ မန်ထမ်ကျေးရွာနေ ကချင်တိုင်းရင်းသူ မရွယ်ဆိုင်း(၂၁)နှစ် တို့နှစ်ဦးဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး(၂)ရဲတပ်ဖွဲ့ထံမှ သိရသည်။


"ကချင်တိုင်းရင်းသူမရွယ်ဆိုင်း(၂၁)နှစ်သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းက Wechat တစ်ဆင့် မမိမော်ဆိုသောအမျိုးသမီးနှင့် ခင်မင်ရင်းနှီးခဲ့ရာတွင် တရုတ်နိုင်ငံ၊ အန်ဟွေးပြည်နယ်၌ အိမ်အကူအလုပ်ရှိသဖြင့်လုပ်ကိုင်ချင်လျှင် တရုတ်ပြည်ဝမ်ထိန်မြို့သို့ ၎င်းကိုယ်တိုင်ကားဖြင့်လာကြိုကာ ခေါ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။
ယင်းကဲ့သို့ပြောဆိုပြီးနောက် ဇူလိုင်လ၊ ၁၄ ရက်တွင်မမိမော်သည် မရွယ်ဆိုင်းထံ မိမိမှာတရုတ်နိုင်ငံ၊ ၀မ်ထိန်မြို့၌့ရောက်ရှိနေပြီဖြစ်သည့်အတွက်လာတွေ့ရန်ဆက်သွယ်ခဲ့သဖြင့် ၎င်းကသွားရောက်တွေ့ဆုံခဲ့ရာတွင် ကျန်းဖုန်းမြို့ရှိနေအိမ်သို့မမိမော်ကခေါ်ဆောင်သွားကာ ယင်းနေ့ညနေတွင်ပင် ကျန်းဖုန်းမြို့ပန်းခြံ၌ အသက်(၂၈)နှစ်အရွယ်ရှိတရုတ်အမျိုးသားတစ်ဦးနှင့်မိတ်ဆက်ပေးခဲ့ကြောင်း မရွယ်ဆိုင်းက ပြောသည်။
ထိုတရုတ်အမျိုးသားနှင့်အိမ်ထောင်ပြုပါက ယွမ် ၂၅,၀၀၀ ပေးမည်ဖြစ်ပြီး အန်ဟွေးပြည်နယ်သို့လိုက်သွားရမည်ဖြစ်ကာ ထိုအရပ်၌အဆင်မပြေ၍မနေနိုင်ပါကလည်း ယင်းတရုတ်အမျိုးသားကိုကားဖြင့် ပြန်လည်ပို့ဆောင်ခိုင်းမည်ဖြစ်ကြောင်း မမိမော်ကစည်းရုံးခဲ့သည်ဟု သိရသည်။ထိုသို့ ယုံကြည်အောင်ပြောဆိုခဲ့သဖြင့် ယင်းတရုတ်အမျိုးသားနှင့်လိုက်ပါသွားခဲ့ရာမှ တရုတ်နိုင်ငံ၊ ခွေးမင်မြို့သို့ရောက်ရှိခဲ့ကာ ၎င်းလိုပင်တရုတ်အမျိုးသားနှင့်လက်ထပ်ရန်ရောက်ရှိလာသူ မခင်ဖူးငုံနှင့်တွေ့ဆုံခဲ့ကြောင်း" ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။

၎င်းတို့နှစ်ဦးကို တရုတ်အမျိုးသားနှစ်ဦးမှ ဆက်လက်၍ ကားဖြင့် ၂ အိပ် ၂ ရက်ခန့်တင်ခေါ်ဆောင်သွားခဲ့ကာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်တွင် အန်းဟွေးပြည်နယ်၊ အမ်းကျင်းမြို့ကလော့ဟယ်ကျေးရွာသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါတရုတ်အမျိုးသားနှစ်ဦးမှာ ညီအစ်ကိုများဖြစ်ကြပြီး ၎င်းတို့နှစ်ဦးနှင့် လက်ထပ် ပေါင်းသင်းရမည်ဖြစ်ကာရရှိမည့် ယွမ် ၂၅,၀၀၀ ကို Wechat မှလွဲပေးမည်ဟု မမိမော်ကပြောဆိုခဲ့ကြောင်း မရွယ်ဆိုင်း၏ ထွက်ဆိုချက်အရသိရသည်။

ဇူလိုင်လ၊ ၂၀ ရက်တွင် ၎င်းနှင့်မခင်ဖူးငုံတို့နှစ်ဦးကို ယင်းတရုတ်အမျိုးသားညီအစ်ကိုနှစ်ဦးက ဆေးစစ်ရန်ခေါ်ဆောင်သွားခဲ့ရာဆေးရုံအရောက်တွင် မခင်ဖူးငုံမှာရန်ကုန်မြို့၊ သန်လျင်တွင်ကျန်ခဲ့သည့်၎င်း၏ခင်ပွန်းနိုင်လင်းကိုနှင့်ရရှိသည့်ကိုယ်ဝန်မှာ(၃)လရှိနေပြီဖြစ်ကြောင်း သိရှိသွားခဲ့သဖြင့်ပြန်ချင်ကြောင်း ပြောဆိုခဲ့သော်လည်း လက်မခံသည့်အတွက် တရုတ်ဖုန်းအမှတ်(၁၁၀)သို့ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယင်းနေ့တွင်ပင်တရုတ်ရဲများက မမိမော်ကိုဖမ်းဆီးခေါ်ဆောင်လာသည်ကိုတွေ့ခဲ့ရပြီး ၎င်းတို့နှစ်ဦးကိုလည်းမေးမြန်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင် တရုတ်ရဲများပြန်သွားခဲ့ကြကြောင်း မရွယ်ဆိုင်း၏ထွက်ဆိုချက်အရသိရသည်။

တရုတ်အမျိုးသားနှစ်ဦးနှင့် ၎င်းတို့မှာ ၃ လခန့်အထိ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ပေးခဲ့ရပြီးနောက်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၌ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ရှိ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး(၂)ကရဲတပ်ဖွဲ့၏ကယ်တင်ခြင်းခံခဲ့ရကြောင်း မရွယ်ဆိုင်းကထွက်ဆိုသွားခဲ့သည့်အပြင် လက်ရှိကိုယ်ဝန်(၆)လလွယ်ထားရသည့် မခင်ဖူးငုံကလည်း အလားတူဝန်ခံထွက်ဆိုသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တရုတ်နိုင်ငံသားနှစ်ဦးအား တရုတ်ပြည်သို့ မမိမော်(၃၀)နှစ်က တရုတ်ယွမ် ၅၀,၀၀၀ ဖြင့် ရောင်းစားသွားခြင်းဖြစ်ကြောင်း သိရှိရပြီး လက်ရှိတရုတ်နိုင်ငံ၊ ချမ်းဆန်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင်တရုတ်အမျိုးသားများနှင့် ၃ လခန့်ပေါင်းသင်းနေထိုင်လိုက်ရသော မရွယ်ဆိုင်း(၂၁)နှစ်နှင့် မခင်ဖူးငုံ(၂၂)နှစ်ကိုယ်ဝန် လက်ရှိ(၆)လလွယ်ထားရသူ တို့ကို သက်ဆိုင်ရာသို့လွှဲပြောင်းနိုင်ရေးအတွက် စီစဉ်နေကြောင်း လွယ်ဂျယ်မြို့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး(၂) ရဲတပ်ဖွဲ့ထံမှ သိရသည်။

သုတ(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews
တရုတ်ငွေယွမ် ၅ သောင်းဖြင့် တရုတ်ညီအစ်ကိုနှစ်ဦးထံ လိမ်လည်ရောင်းစားမှုဖြစ်ပွား တရုတ်ငွေယွမ် ၅ သောင်းဖြင့် တရုတ်ညီအစ်ကိုနှစ်ဦးထံ လိမ်လည်ရောင်းစားမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.